တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > နာရေးသတင်း > NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင် တည်ထောင်စဉ်ကတည်းက ပါဝင်လာကြသူ တပ်မတော် အရာရှိဟောင်းများထဲမှ တဦးဖြစ်သည့် ဦးလွင် (ဗိုလ်မှူးကြီး-ငြိမ်း) သည် အင်္ဂါနေ့ညက လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

ကျန်ရစ်သည့် ရုပ်အလောင်းအား ဗုဒ္ဓဟူးနေ့ မွန်းလွဲ တနာရီခွဲတွင် အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်
နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည် ဖြစ်သည်။

အသက် ၈၇ နှစ်အရွယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးလွင်အပါအဝင် စစ်မှုထမ်းဟောင်း များဖြစ်သည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့လာသဖြင့် ပါတီ အစည်းအဝေးနှင့် အခမ်းအနားများကို မတက်နိုင်သည်မှာ ကြာပြီ ဖြစ်သည်။

အောက်တိုဘာကပင် ဦးလွင်အား မိသားစုဆရာဝန်ရှိရာ ရှင်ပါကူ ဆေးရုံ၌ ၁၆ ရက်ကြာ ဆေးကုသပေးခဲ့ရသေး သည်။ နိုဝင်ဘာတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီးမှ အင်္ဂါနေ့တွင်မူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမှတ် ၁၅၊ ကမ္ဘောဇ ရိပ်သာ နေအိမ်တွင် ကွယ်လွန်သည်။


“(အင်္ဂါနေ့) မနေ့ညက ၈ နာရီ ၄ဝ ပါ။ လူကြီးရောဂါပါပဲ။ ဒီရက်ပိုင်းအတွင်းမှာ သူ ပုတီးစိတ် အရဟံရွတ် အဲဒီ လိုလေးလည်း လုပ်နိုင်ပါတယ်။” ဟု သူ၏ သားမက်ဖြစ်သူ ဦးထင်ကျော်က မဇ္ဈိမကို ပြောသည်။

မွေးချင်း ၁၂ ဦးအနက် ရှစ်ဦးမြောက်ဖြစ်သူ ဦးလွင်ကို ရန်ကုန်တိုင်း ပုဇွန်တောင်မြို့ နယ် ၄၉ လမ်း တွင် အဘ ဦးဘသာ၊ အမိ ဒေါ်သိန်းတို့မှ ၁၉၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် မွေးဖွားပြီး ရန်ကုန်မြို့တွင် အထက်တန်းပညာ အထိ ဆည်းပူးခဲ့သည်။

ဂျပန်တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့ လွတ်လပ်ရေးတပ်မတော် BIA၊ ဗမာ့ ကာကွယ်ရေး တပ်မတော် BDA၊ ဗမာ့မျိုးချစ်တပ်မတော် PBF တို့တွင် အသက် ၁၈ နှစ် အရွယ် ၁၉၄၂ ခုမှစ၍ တာဝန်ထမ်းခဲ့ပြီး ၁၉၆၄ ခု အရှေ့တောင်တိုင်း စစ်တိုင်းမှူးဘဝ အထိ နှစ် ပေါင်း ၄၀ ကြာ စစ်ရေး အတွေ့အကြုံ ရရှိသူဖြစ်သည်။

BDA ပထမပတ် ဗိုလ်သင်တန်းဆင်း ဦးလွင်သည် ဂျပန်နိုင်ငံ ဘုရင့်တပ်မတော် စစ်တက္ကသိုလ်၊ အင်္ဂလန်၊ အနောက် ဂျာမနီတို့တွင် စစ်ပညာ ဆည်းပူးခွင့် ရခဲ့သည်။

၁၉၄၆-၅၈ ခုအထိ သေနတ်ကိုင်တပ်ရင်း (၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင် (၁)၊ ခမရ (၁ဝ၄) တို့တွင် ဗိုလ်မှုးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၅၉ ခုတွင် အမေရိကန်တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းခဲ့သေးကြောင်း ဦးခင်ကျော်ဟန်ပြုစုသော ရွေးကောက်ပွဲ မှတ်တမ်းတွင်ပါရှိသည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက သူ၏ အကိုဆရာကဲ့သို့ မှတ်ယူသည့်  ဦးလွင်သည် ရခိုင်ဘက်တွင် ပြည်နယ် တောင်းဆို
နေသည့် မူဂျာဟစ် သူပုန်များ၊ ၁၉၅၀ က ရှမ်းပြည်နယ်မြောက်ပိုင်း သို့ ဝင်လာသည့် တရုတ်ဖြူများကို စွမ်းစွမ်းတမံ တိုက်ခဲ့ပုံကို RFA မြန်မာပိုင်း အစီအစဉ်သို့ ပြန်လည် ပြောပြသည်။

“ကျနော်နဲ့အတူ တရုတ်ဖြူတိုက်ပွဲမှာ ကျနော့်ရှေ့ကနေ ရန်သူကို ပြင်းပြင်းထန်ထန် တိုက်တာရဲ့ အထောက်အပံ့
ကောင်းပေးပြီးတော့ နောက်က ရန်သူရဲ့ သွေးကြောကိုဖြတ်တဲ့ ဖြတ်တောက်တိုက်ပွဲမှာ သူက ခရီးဝေးချီတက်ပြီး လုပ်ခဲ့ရပါတယ်။” ဟု ဦးတင်ဦးက ပြောသည်။

ဦးလွင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီ အုပ်ချုပ်ရေးတွင် ဘဏ္ဍာရေးဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် စသည်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့ကာ နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်မှ အနားယူခဲ့သည်။

လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခံရသူလည်း
ဖြစ်သည်။

၁၉၈၈ ခု၌ NLD တွင် ဦးလွင်စတင်ပါခဲ့ပုံနှင့်ပတ်သက်ပြီး ဦးခင်ကျော်ဟန်က “သူ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ အတွေ့ အကြုံတွေ၊ ရိုးသားဖြောင့်မတ်မှု ဂုဏ်သိက္ခာတွေကြောင့် ဘဏ္ဍာရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။” ဟု ရေးသား ခဲ့သည်။

၁၉၉ဝ ခု ရွေးကောက်ပွဲမှ ရန်ကုန်တိုင်း သုံးခွမြို့နယ်အမတ်ဖြစ်လာသူ ဦးလွင်အား ၁၉၉၁ ခု မတ်လ (၂၆) ရက် တွင်တကြိမ်၊ ၁၉၉၅ ခု အောက်တိုဘာ (၉) ရက် နေ့တို့တွင် တကြိမ်၊ အတွင်းရေးမှူးအဖြစ် တာဝန်များ ပေးအပ်ခဲ့ သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။

သူ့ဘဝ နိဂုံးချုပ်ချိန်သည် သူ၏ ဇနီးကွယ်လွန်ခြင်း နှစ်ပတ်လည်အတွက် ခြောက်ရက်သာ လိုတော့ ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ကွယ်လွန်ချိန်တွင် သမီးဖြစ်သူ ဒေါ်စုစုလွင် ကျန်ရစ်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 1392 guests online