သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > နာရေးသတင်း > ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်

ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ  ၆ နာရီကျော်တွင် အသည်းကင်ဆာဖြင့်  ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း သိရသည်။

ဦးရွှေအုံးဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍ ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မဟာမိတ်အဖွဲ့ နာယကအဖြစ်မှ အနားယူပြီးနောက် ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့ အမှတ် ၅  ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင် ကွယ်လွန်ခဲ့ သည်။

“အဖေ အသည်း ကင်ဆာဖြစ်နေတာ ကုလို့ မရတော့တဲ့ အခြေအနေမှ  သိရတာပါ ။ သူ့ကို ဆရာဝန်က တလလောက် အနားယူဖို့ ပြောတယ်။ တဖြေးဖြေးနဲ့ အခြေအနေ ဆိုးလာပြီး ဒီနေ့ ညနေက ဆုံးသွားပါတယ်။ တနင်္ဂနွေနေ့  ညနေ ၃နာရီ  ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ပါမယ်” ဟု ဦးရွှေအုံး၏ သား ဦးကျော်မင်းက ပြောသည်။

စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူအဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။

သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည် ကျောင်းသားများ အသင်း၏ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။

၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ ၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။  ၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့်  ၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ လုပ်ခဲ့သည်။  သတင်းစာ ကိုယ်စားလှယ်အဖြစ်  ၁၉၄၆ ပထမပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံညီလာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ ပူးပေါင်းရေးတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို  ဥက္ကဋ္ဌအဖြစ် တည်ထောင်ခဲ့ပြီးနောက် ၁၉၉ဝတွင် တသီးပုဂ္ဂလ အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။

ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရားအသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်ခဲ့သည်။

၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့်  ထောင် တနှစ် ကျခဲ့သည်။

၂ဝဝ၅ က ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင်များအား ဖမ်းဆီး ထိန်းသိမ်းရာတွင် ဦးရွှေအုံး ပါသွားသည်။ သူ့ကို ပြန်လွှတ်ပေးလိုက်သော်လည်း  ကျန်ခေါင်းဆောင်များကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးရွှေအုံး ရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် ၃၁၁ မျက်နှာရှိပြီး အခန်းပေါင်း ၁၇ ခန်းနှင့် မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပေါ် စာရေးသူ၏ အမြင်ကို ရေးထားသည်။

ထိုစာအုပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း သိရသည်။

ဦးရွှေအုံးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြည်ထောင်စုနှင့် ဒီမိုကရေစီ စနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” ကို ပြီးခဲ့သည့် ၂ဝဝ၈  နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သည်။

ဦးရွှေအုံး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားကြီး ဒေါက်တာလှချို၊ ဦးကျော်မင်း နှင့် မြေး ၅ ယောက် ကျန်ရှိကြောင်း သိရသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 1474 guests online