ဂျိုတီ ဘာဆူ (၁၉၁၄-၂ဝ၁ဝ)
Shyamal Sarkar | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်
ကျောက်ရုပ်ပြိုလဲသည်နှင့် တပြိုင်နက် အိန္ဒိယနိုင်ငံရေးကိုလည်း လှုပ်ခါသွားစေခဲ့သည်။ ဂျိုတီ ဘာဆူမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အသက် ၉၅ နှစ် အရွယ်၌ ကွယ်လွန်ခဲ့ကာ သမိုင်းမှတ်တိုင် ထားရစ်ခဲ့သည်။
တိုင်းပြည်ရှိ ကွန်မြူနစ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သော မာ့စ်ဝါဒီခေါင်းဆောင်သည် အအေးမိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများ အလုပ်မလုပ်တော့ရာမှ ကွယ်လွန်ခဲ့သည်။ သူ့တွင် သားဖြစ်သူ ချန်ဒန်၊ ချွေးမနှင့် မြေး ၃ ဦး ကျန်ရစ်သည်။ သူ့ဇနီးသည် ကာမယ်မှာ လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက ကွယ်လွန်သွားခဲ့သည်။
အိန္ဒိယ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသွားပြီးနောက် အိန္ဒိယ ကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ) ကို စတင်တည်ထောင်သူများထဲတွင် သူလည်း ပါဝင်ခဲ့သည်။ ဆယ်စုနှစ် ၆ ခုကြာ နိုင်ငံရေးလောကထဲတွင် ကျင်လည်ခဲ့စဉ်အတွင်း တိုင်းပြည်၏ သက်တမ်းအရှည်ဆုံး ပြည်နယ်ဝန်ကြီးချုပ်နှင့် ကွန်မြူနစ်ခေါင်းဆောင်အဖြစ် အမှုထမ်းခဲ့သော ဘာဆူမှာ ကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ) ၏ အကြီးအကဲအဖြစ် အသက်ရှင်ရပ်တည်ရင်း ကွန်လွန်ခဲ့သည်။
သူသည် တိုင်းပြည်၏ ဝန်ကြီးချုပ်ရာထူးကို ရယူရန် နီးစပ်ခဲ့သည့် တဦးတည်းသော ကွန်မြူနစ်ခေါင်းဆောင် ဖြစ်ခဲ့ပြီး ပါတီ၏ ခေါင်းမာမှုကြောင့် ထိုရာထူးနှင့် လွဲခဲ့ရသည်။ ပါတီ၏ စည်းမျည်းကို အမြဲလိုက်နာခဲ့သော ဘာဆူမှာ အကြီးအကျယ် စိတ်ပျက်ခဲ့ရပြီး ပါတီ၏ လမ်းညွှန်ချက်ကို လိုက်နာခဲ့သော်လည်း ရံဖန်ရံခါ သူ၏ ခံစားချက်ကို ထုတ်ဖော်ပြသခဲ့သည်။ သူ့ကို ၁၉၉၆ ခုနှစ်တွင် ညီညွှတ်သောတပ်ဦး အစိုးရအဖွဲ့၏ ပထမဆုံး ကွန်မြူနစ် ဝန်ကြီးချုပ်ရာထူးကို ရယူရန် ခွင့်မပြုခဲ့သည့် ပါတီဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး သူ့ကို တားမြစ်ခဲ့သော ပါတီမျိုးဆက်သစ် ခေါင်းဆောင်ပိုင်းကို သမိုင်းတွင်သည့် အမှားကို ကျူးလွန်လိုက်သူများအဖြစ် စွပ်စွဲခဲ့သည်။
အနောက်ဘန်ဂေါပြည်နယ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၂ ရက် သတ်မှတ်ပေးခဲ့သည်။ ဘာဆူက သူ၏ ရုပ်အလောင်းကို ဆေးသုတေသန ပြုလုပ်ရန် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ သူ့မျက်လုံးကို လှူဒါန်းရန်အတွက် စောစီးစွာကပင် ထုတ်ယူထားခဲ့သည်။
ဘာဆူမှာ အနောက်ဘန်ဂေါပြည်နယ်၏ ညီညွတ်သော တပ်ဦးအစိုးရ၏ ဒုဝန်ကြီးချုပ်အဖြစ် ၁၉၆၇ နှင့် ၁၉၇ဝ ခုနှစ်များတွင် ၂ ကြိမ်တိုင်တိုင် ထမ်းရွက်ခဲ့သည်။ သူသည် ဥပဒေပြုလွှတ်တော်တွင် ၁၉၅၂ ခုနှစ်မှ စတင်ကာ ရွေးချယ်ခံခဲ့ရပြီး သက်တမ်း ၁ဝ ကြိမ်တိုင်တိုင် ၁၉၉၆ ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် အဖွဲ့ဝင် ၉ ဦးပါသည့် အိန္ဒိယ ကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ) ၏ ပထမဆုံး ပေါလစ်ဗျူရိုအဖွဲ့ ''နာရပ်နာ'' ၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော အဖွဲ့ဝင်လည်း ဖြစ်သည်။
သူ၏ ဖခင်မှာ အမေရိကန် ပညာတတ် ဆရာဝန်ဖြစ်သည်။ ပြည့်စုံသည့် မိသားစုမှ ပေါက်ဖွားလာသော ဘာဆူမှာ နာမည်ကျော် စိန့်ဇာဗီးယားကျောင်းနှင့် ကာလကတ္တ္ကားရှိ Presidency ကောလိပ်တို့တွင် ပညာဆည်းပူးခဲ့သည်။ သူ၏ ပညာရေးနောက်ခံကြောင့် ကွန်မြူနစ် ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ချေ။ ၁၉၃၅ ခုနှစ်တွင် ဗြိတိန်၌ ရှေ့နေပညာကို သင်ယူနေစဉ် ကွန်မြူနစ်လှုပ်ရှားမှု၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ သူသည့ ကွန်မြူနစ် လေ့လာရေး အသိုင်းအဝိုင်းသို့ စတင်ခြေလှမ်းခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင် ရဂျနီ ပယ်မီ ဒတ်ထ် ကဲ့သို့သော သူများ၏ မိတ်ဆက်ပေးမှုဖြင့် မာ့စ်ဝါဒကို စတင်၍ သက်ဝင်ယုံကြည်လာခဲ့သည်။ သူ၏ ဖခင်က သူ့ကို အင်္ဂလိပ်အစိုးရ၏ ပဋိညာဉ် ဝန်ထမ်းဖြစ်ရန် အင်္ဂလန်သို့ စေလွှတ်လိုက်သော်လည်း ၁၉၄ဝ ခုနှစ်တွင် အင်္ဂလန်မှ ပြန်လာသောအခါ ကွန်မြူနစ်တဦးအဖြစ် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဥပဒေပြု လွှတ်တော်အမတ်အဖြစ်မှ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရှည်လျားလှသော ခရီးလမ်းကို လျှောက်လှမ်းပြီးနောက် နိုင်ငံရေးတွင် ထိပ်တန်းသို့ရောက်ခဲ့သည်။ လက်ဝဲ တပ်ဦး၏ ဦးဆောင်ပါတီအဖြစ် ကွန်မြူနစ်ပါတီ (မာ့စ်ဝါဒီ) ကို လက်ဝဲအသိုင်းအဝိုင်းတွင် အားတရပ်အဖြစ် အရောင်အသွေးစုံလှသော ပြည်နယ်နိုင်ငံရေးတွင် လေးစားခြင်းခံရကာ ဆယ်စုနှစ် ၃ ခုအကြာ အုပ်စိုးနိုင်ခဲ့သည်။ သူ၏ လက်ထက်တွင် ဘာဂါ စစ်ဆင်ရေးဟုခေါ်သည့် မြေယာပြုပြင်ရေး လှုပ်ရှားမှုနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများတွင် အောင်မြင်မှုများကို တွေ့မြင်ခဲ့ရကာ ဘန်ဂေါ ကျေးလက်လူထု၏ အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့သည်။ လယ်သူရင်းငှားများ အတင်းအကျပ် ဖယ်ရှားခြင်းကို ရပ်ဆိုင်းစေခဲ့ပြီး သူတို့၏ အမည်များကို မှတ်တမ်းတင်ကာ သီးနှံများကို ပေးသွင်းစေသည်။ ကုန်းမြေမြင့်ရှိ မြေပိုမြေလျှံများကိုလည်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲကာ ဆင်းရဲသားများကို ဝေခြမ်းပေးခဲ့သည်။ ဘာဆူသည့် ဒေသန္တရ ရွေးကောက်ပွဲများကို ကျင်းပခြင်းဖြင့် အခြေခံလူတန်းစားများကိုလည်း ဒီမိုကရေစီအကျိုးကို ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
သို့သော်လည်း သူ၏လက်ထက်တွင် ပြည်နယ်၏ စီးပွားရေးမှာ အကျဘက်သို့ ဆင်းခဲ့သည်ကို တွေ့ရသည်။ အိန္ဒိယ၏ စက်မှုလက်မှု အထွန်းကားဆုံး အနောက်ဘန်ဂေါပြည်နယ်တွင် စစ်သွေးကြွ သမဂ္ဂများကြောင့် စက်မှုလုပ်ငန်းများမှာ ရွှေ့ပြောင်းသွားခဲ့ပြီး စက်မှုလုပ်ငန်းကို ထိခိုက်ခဲ့သည်။ သူ၏ အုပ်ချုပ်ရေးအာဏာကို သူ၏ လူယုံ ဘတ်ဒါ့ဒတ် ဘတ်ဒါချာရီကို လွှဲပြောင်းပေးခဲ့ပြီး စက်မှုလုပ်ငန်းများ ပြန်လည်ထွန်းကားလာရေး လုပ်ငန်းစဉ်ကိုလည်း ဆက်လက်လုပ်ဆောင်စေခဲ့သည်။
အောင်မြင်သော လွှတ်တော်အမတ်နှင့် လူထုချစ်ခင်နှစ်သက်သော နိုင်ငံရေးခေါင်းဆောင် ဘာဆူသည် ဒီမိုကရေစီအရေးအတွက်လည်း ဘဝကို မြှပ်နှံခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုအတွက် သူ၏ လုပ်ဆောင်ချက်များကို မဇ္စျိမက ပြန်လည်မှတ်တမ်းတင်ပါသည်။ မဇ္စျိမ၏ အယ်ဒီတာချုပ် ဦးစိုးမြင့်သည် ဖိနှိပ်သော မြန်မာစစ်အစိုးရကို ကမ္ဘာက အာရုံစိုက်ရန် ထိုင်းနိုင်ငံမှ ရန်ကုန်သို့ ပျံသန်းသည့် လေယာဉ်ကို ပြန်ပေးဆွဲပြီး ကာလကတ္ကားသို့ ခေါ်ဆောင်လာသောကြောင့် အဖမ်းခံရပြီး ၁၉၉ဝ ခုနှစ်တွင် ကာလကတ္တား အကျဉ်းထောင်အတွင်းမှ လွတ်မြောက်သည့်အချိန်မှ စတင်၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘာဆူ၏ ထောက်ခံမှုကို ပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က ဘာဆူသည် အနောက်ဘင်ဂေါပြည်နယ်တွင် ဝန်ကြီးချုပ် ဖြစ်နေပြီး၊ သူက ဦးစိုးမြင့်ကို ထောင်တွင်းမှ ပေးလွှတ်ခဲ့ခြင်း ဖြစ်သည်။ ကွန်မြူနစ်တဦးဖြစ်သော ဘာဆူမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၏ အရင်းခံအကြောင်းအရင်းကို သိမြင်ပြီး ရင်ထဲအသည်းထဲမှ ထောက်ခံခဲ့သည်။
''ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အနောက်ဘင်ဂေါပြည်နယ် ပြည်သူများ၊ အနောက်ဘန်ဂေါ အစိုးရနှင့် အိန္ဒိယ၏ အကူအညီနှင့် စာနာနားလည်မှုကိုသာ မရရှိခဲ့လျှင် ရပ်တည်ရန် လွယ်ကူမည် မဟုတ်ကြောင်း'' ဦးစိုးမြင့်က ပြောဆိုသည်။
ဘာဆူမှာ အိန္ဒိယရှိ မြန်မာများကို ဆက်လက်ထောက်ခံမှုပေးခဲ့ပြီး လတ်တလောအားဖြင့် Presidency အကျဉ်းထောင်တွင် အကျဉ်းကျနေသော မြန်မာ ၃၄ ဦး၏ အမှုကိုလည်း အကူအညီပေးခဲ့သည်။
''ဂျိုတီ ဘာဆူလိုပဲ ကျနော်နဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ရှေ့တန်းက မားမားမတ်မတ် ထောက်ခံနေတဲ့ အိန္ဒိယက နောက်တဦးကတော့ အိန္ဒိယရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျော့ခ်ျ ဖနန်းဒတ်ခ်ျပဲ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက ဒေလီမှာရှိတဲ့ သူရဲ့အိမ်တော်မှာ ကျနော့်ကို နေခိုင်းခဲ့တဲ့အပြင် နည်းပေါင်းစုံနဲ့ ပံ့ပိုးကူညီခဲ့ပါတယ်'' ဟု ဦးစိုးမြင့်က ဆက်ပြောရင်း သူ့အပေါ် စာနာမေတ္တာထားခဲ့သော အိန္ဒိယ၏ သမ္မတကတော်ဟောင်း မစ္စစ် ဥရှာ နာယာယနမ်လည်း တဦးအပါအဝင်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုသို့ အိန္ဒိယရှိ မြန်မာများကို ထောက်ခံခဲ့သူများထဲတွင် ဘာဆူနှင့် ဖနန်းဒတ်ခ်ျတို့ ၂ ဦးမှာ ရှေ့ဆုံးကနေပြီး ထောက်ခံမှု ပေးခဲ့သည်။
ယခုအခါ ဂျော့ခ်ျ ဖနန်းဒတ်ခ်ျမှာ နယူးဒေလီရှိ ဆေးရုံတွင် တက်ရောက်ကုသနေရပြီး ဘာဆူမှာတော့ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အသက် ၉၅ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ခြင်းပင် ဖြစ်သည်။
အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ်ဟောင်း၏ နိုင်ငံရေးအရ ထောက်ပံ့မှု မရှိလျှင် သူ့မှာ ယခုထက်တိုင် အကျဉ်းထောင်ထဲတွင် ရှိနေရဦးမည်ဟု ဦးစိုးမြင့်က ဆက်ပြောသည်။ သူသည် မြန်မာနိုင်ငံရှိ စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို မီးမောင်းထိုးပြရန် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဘက်များနှင့်အတူ မဇ္စျိမသတင်းဌာနကို ပြည်ပတွင် တည်ထောင်ထားပြီုး အိန္ဒိယရှိ ဒီမိုကရေစီရေး လှုပ်ရှားမှု ကြိုးပမ်းသူတဦးအဖြစ် သူ၏ ဘဝကို မြှပ်နှံထားခဲ့သည်။
''ကျနော် အိန္ဒိယမှာ ရှိနေစဉ် အတောအတွင်း ကျနော်တို့ကို အကူအညီပေးခဲ့တဲ့သူတွေ တယောက်ပြီး တယောက် ကျနော်တို့ကို ခွဲခွာသွားခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ မျိုးဆက်သစ်တွေကလည်း ဒီပုဂ္ဂိုလ်ကြီး တွေရဲ့ လမ်းစဉ်အတိုင်း ပြည်သူအချင်းချင်း ဆက်လက်ထောက်ခံပြီး အိန္ဒိယနဲ့ မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်'' ဟု ဦးစိုးမြင့်က ပြောဆိုသည်။






