ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြန်မာအမျိုးသမီးအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်း တို့အား နာကာတာ အကြံပေး

မြန်မာအမျိုးသမီးအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်း တို့အား နာကာတာ အကြံပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျပန် ဘောလုံးသမား နာကာတာ က
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဘောလုံး မပါဘဲ လူရွှေ့လိုက်ပါနေရာယူရာတွင် အားနည်းနေသေး
ကြောင်း ပြောသွားသည်။

သြဂုတ်လ ၁၉  ရက်နေ့ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိနေသော အီတလီ စီးရီးအေနှင့် အင်္ဂလန် ပရီးမီးယားလိဂ် တို့တွင်ပါ ကစားခဲ့ဖူးသော အသက် ၃၅ နှစ်အရွယ် ကွင်းလယ် ကစားသမားဟောင်း နာကာတာ သည် တနင်္လာနေ့က လှိုင်မြို့နယ်ရှိ ရန်ကုန် ယူနိုက်တက် ကွင်းသို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အတူ ရောက်လာပြီး မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခြင်း ဖြစ်သည်။

“အမျိုးသမီးအသင်းအနေနဲ့ ကစားအားတော့ ကောင်းပါတယ်။ ဒါပေမယ့် ကွင်းအကျယ်ကြီးထဲမှာ နေရာယူပြီး ကစားတတ်ဖို့ လိုနေသေးတယ်။ ဘောလုံး ရှိတဲ့အချိန်မှာတော့ ကစားတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ ကစားတာ အားနည်းတယ်။ နေရာလွတ်တွေကို ရှာပြီး ကစားနိုင်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိနိုင်တယ်။ ဂိုးလည်း ရနိုင်တယ်” ဟု  နာကာတာ က ပြောသည်။
nakartar1
ဂျပန်လူမျိုးနည်းပြ ကုမာဒါ ကိုင်တွယ်နေသည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း သည် လာမည့် စက်တင်္ဘာလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ခြေစမ်းပွဲများ ကစားရမည် ဖြစ်သည်။

ထို့အပြင် နာကာတာ က ဂျာမန်နည်းပြ ဖရိုင်းဒရစ် ကိုင်တွယ်နေသည့် ယူ-၁၉ လူငယ် အမျိုးသား အသင်းနှင့်လည်း
တွေ့ဆုံခဲ့သေးသည်။

“ကစားသမားတွေအနေနဲ့ ကစားနိုင်တယ်၊ ကစားအား ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာနဲ့ အသင်းလိုက် ကစားပုံတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ အတွေးအခေါ်ပိုင်းမှာလည်း လိုအပ်နေပါသေးတယ်။ စပိန်မှာ ကြည့်မယ်ဆိုရင်လည်း ဘာစီလိုနာ ကစားသမားတွေဟာ ကိုယ်လုံးကိုယ်ထည် မကြီးကြပေမယ့် ကစားကွက် ပိုင်း၊ နည်းစနစ်ပိုင်းကို နားလည်တာကြောင့် အောင်မြင်မှုတွေ ရကြတယ်။ မြန်မာအသင်း အနေနဲ့လည်း ကြိုးစားရင်
ဖြစ်နိုင်ပါတယ်” ဟု နာကာတ က မှတ်ချက်ချ အကြံပေးသွားသည်။

မြန်မာ နေရှင်နယ်လိဂ် အနေဖြင့် ဂျပန်ဘောလုံးလိဂ်(ဂျေလိဂ်)နှင့် မကြာမီ ရက်ပိုင်းအတွင်း အကျိုးတူ ပူးပေါင်း
ဆောင်ရွက်မှု စာချုပ်အား လက်မှတ် ရေးထိုးသွားမည် ဖြစ်သော်လည်း နာကာတာ လာရောက်သည်မှာ ဂျေလိဂ်အား ကိုယ်စားပြု၍ လာရောက်ခြင်း မဟုတ်ကြောင်း ဦးဇော်ဇော် က ဆိုသည်။

“နာကာတာ ရောက်လာတယ်ဆိုတာ ဂျေလိဂ်နဲ့စာချုပ် ချုပ်ဆိုမယ့်ကိစ္စနဲ့ မပါတ်သက်ပါဘူး။ ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေး အရ ခင်မင်မှုတွေကြောင့် မြန်မာနိုင်ငံကို ရောက်လာတာပါ။ သူဟာ ဂျေလိဂ်ရဲ့ ကိုယ်စားလှယ်တယောက်လည်း မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း နာကာတာနှင့် အခြား ကမ္ဘာကျော် ဘောလုံးသမား ငါးဦးခန့် ပါသည့် အသင်းနှင့် မြန်မာ့ လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ကစားရန် စီစဉ်ထားကြောင်းလည်း ဦးဇော်ဇော် က ပြောသည်။ သို့ရာတွင် နာကာတာနှင့်အတူ ပါဝင်ကစားမည့် ကစားသမားအမည်များကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

ဂျပန် လက်ရွေးစင်အသင်းအတွက် ၁၉၉၇ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ကစားခဲ့သော နာကာတာသည် အီတလီ စီးရီးအေ ဘောလုံးကလပ်များဖြစ် သောပီရူးဂျီယာ၊ ရိုးမား၊ ပါးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနားနှင့် ပရီးမီးယားလိဂ်၏
ဘော်လ်တန်အသင်း တို့တွင်လည်း ကစားခဲ့သည်။ ၂ဝဝ၇ ခုနှစ်၊ အသက် ၃ဝ အရွယ်တွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့သည်။

နာကာတာသည် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 77 guests online