ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကော့သောင်း ဆီအုန်းခြံ အလုပ်သမားများ လစာပြည့် မရကြ

ကော့သောင်း ဆီအုန်းခြံ အလုပ်သမားများ လစာပြည့် မရကြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။         ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်းခြံမှ အလုပ်သမား ငါးသောင်းကျော် နှစ်နှင့်ချီ၍ လုပ်အားခများ အပြည့်အဝ မရရှိကြသည့်အတွက် ကုမ္ပဏီအား တရားစွဲရန် စီစဉ်နေကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။

အလုပ်သမားတဦးအတွက် ၁၅ ရက် တကြိမ် ရိက္ခာနှင့် စားစရိတ် ၆,၀၀၀ ကျပ်သာ ထုတ်ပေးပြီး ကျန်သည့် လုပ်အားခ ကို ထုတ်မပေးသည့်အတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်း၏ အကူအညီ
ဖြင့် ကုမ္ပဏီကို တရားစွဲရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“လုပ်အားခ မရတဲ့အတွက် အလုပ်သမား ဦးစီးမှူး ဦးငွေမောင်းကို တိုင်တာ သုံးကြိမ် ရှိပြီ။ ဒီနေ့ထိ ရှင်းမပေးသေးဘူး။ ဒါ့ကြောင့် တရားစွဲဖို့ စီစဉ်ရတာပါ” ဟု အဆိုပါ အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။

စိုက်ပျိုးရေး အလုပ်သမားများအား တနေ့ ကျပ် ၂,၀၀၀ နှုန်း၊ တောရှင်း အလုပ်သမားများအား တဧက ကျပ် ၄၅,၀၀၀ နှုန်းဖြင့် ပေးရန် ကုမ္ပဏီနှင့် သဘောတူထားခဲ့သော်လည်း စိုက်ပျိုးရေး အလုပ်သမားများမှာ ၆ လကျော်၊ တောရှင်း အလုပ်သမားများမှ နှစ်ချီ လုပ်အားခအပြည့် မရရှိသေးကြောင်း သူက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာကာ အလုပ်သမားများအား စနေနေ့တွင် လုပ်အားခ ရှင်းပေးမည် ဖြစ်ပြီး ကုမ္ပဏီကို တရားမစွဲရန် ကန်ထရိုက်တာ ဦးကျော်ကျော်မှ တဆင့် မေတ္တာရပ်ခံလာ ခဲ့ကြောင်း ကိုသန်းထွန်းက ပြောသည်။

“အလုပ်သမားတွေကို ငွေရှင်းပါ့မယ်၊ တရားမစွဲပါနဲ့ဦး။ ဘဏ်မှာ အရှုပ်အရှင်း နည်းနည်းလေး ဖြစ်သွားလို့၊ ပြီးတော့ ခရိုင် အုပ်ချုပ်ရေးမှူးလည်း မရှိသေးလို့ စနေနေ့လောက်ထိ သည်းခံပေးဖို့ ကျနော်တို့ကို မေတ္တာရပ်ခံသွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အကယ်၍ ကုမ္ပဏီက မေတ္တာရပ်ခံထားသည့်အတိုင်း လုပ်ဆောင်မပေးပါက ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) သို့ တိုင်ကြားရန်အတွက်လည်း ပြင်ဆင်ထားကြောင်း ကိုသန်းထွန်းက ပြောသည်။

“ILO ကို မတိုင်သေးဘူး။ အဆက်အသွယ် လုပ်ထားတယ်။ လုပ်အားခ ရှင်းပေးပြီး အားလုံး ပြေပြေလည်လည်
ဖြစ်သွားပြီ ဆိုရင် ကျနော်တို့ မတိုင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို တိုင်လိုက်မယ်ဆိုရင် အလုပ်သမားတွေရဲ့
နောင်ရေးအတွက် အများကြီး နစ်နာသွားစရာ ရှိလို့” ဟု ပြောသည်။

ဧက ၅ သိန်းခွဲခန့် ရှိပြီး အလုပ်သမား တသိန်းကျော် ရှိသည့် မြိတ်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်ပိုင် ဆီအုန်းခြံသည် တနင်္သာရီ ရိုးမ အနောက်ဘက် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ ရှိ ပါချန် သစ်တောကြိုးဝိုင်း အတွင်းတွင် ရှိသည်။

ဆီအုန်းခြံရှိ အလုပ်သမား အများစုမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် စသည်တို့မှ ဖြစ်ကြပြီး လုပ်အားခ ပုံမှန်မရခြင်း၊ ကျန်းမာရေး ခံစားခွင့် လုံလောက်စွာ မရရှိခြင်း တို့ကြောင့် အလုပ်သမားများ ထွက်ပြေးမှု မကြာခဏ ဖြစ်ပေါ်နေသည်ဟုလည်း အလုပ်သမား ကိုယ်စားလှယ် တဦးက ပြောသည်။

အချို့ အလုပ်သမားများမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ကျန်ရှိသည့် လစာငွေများကို ရှင်းပေးခြင်း မရှိသေးသည့် အတွက် နေရပ်သို့ ပြန်ရန် အခက်အခဲ ကြုံနေကြကြောင်းလည်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 50 guests online