တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့်
ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ရေပေးဝေမှုအတွက် ကုန်ကျစရိတ်က တဂါလံကို အရင်းတင်ပဲ ၄၇ ပြား ကျတယ်။ ကောက်နေတာက အိမ်သုံးကို ၂၅ ကျပ်၊ လုပ်ငန်းသုံးဆိုရင် ၃၅ ကျပ် ဆိုတော့ အရှုံးပေါ်နေတယ်”ဟု ရှင်းပြသည်။

၂ဝဝ၅ ခုနှစ် ဇူလိုင်လထိ ရေတဂါလံလျှင် ၃ ပြားနှုန်း ကောက်ခံခဲ့သော်လည်း ထိုနှစ် သြဂုတ်လက စတင်ကာ တဂါလံလျှင် အိမ်သုံး ၂၅ ပြား။ စီးပွါးရေး လုပ်ငန်းသုံး ၃၅ ပြားနှုန်း၊ ဌာနဆိုင်ရာကို ၂၅ ပြားနှုန်း ကောက်ခံခဲ့သည်။ ယခု ဧပြီ ၁ ရက်နေ့မှ စတင်ကာ အိမ်သုံး တဂါလံလျှင် ပြား ၄၀၊ စီးပွါးရေး လုပ်ငန်းသုံး တဂါလံလျှင် ပြား ၅၀ ဖြစ်ကာ ဌာနဆိုင်ရာများကိုမူ ယခင်ဈေးအတိုင်း တဂါလံလျှင်၂၅ ပြားနှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း ဌါနမှူးက ပြောသည်။

“ရန်ကုန် ရေဖိုးရေခ ကောက်ခံမှုကို ယူနစ်နဲ့တွက်ရင် တယူနစ်မှာ အိမ်သုံး ၅၅ ကျပ်။ စီးပွါးရေးသုံး ဆိုရင် ၇၇  ကျပ်နှုန်း ဖြစ်တယ်။ အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ ဈေးနဲ့ တွက်ထားတာ ဖြစ်တယ်”ဟု ဦးစိုးမြိုင် က ရှင်းပြသည်။ (တယူနစ်လျှင် ဂါလံ ၂၂၀ ရှိသည်။)

အိမ်နီးချင်းနိုင်ငံများတွင် ကောက်ခံနေသော ရေဖိုးရေခ နှုန်းထားများမှာ တယူနစ်လျှင် ကျသင့်သည့် ရေဖိုးရေခများမှာ ထိုင်း ၀.၂၆ ဒေါ်လာ(၂၀၈ ကျပ်)၊ စင်္ကာပူ ၀.၉၆ ဒေါ်လာ (၇၆၈ ကျပ်)၊ ဖိလစ်ပိုင် ၀.၃၆ ဒေါ်လာ (၂၈၈ ကျပ်)၊ မလေးရှား ၀.၄၅ ဒေါ်လာ(၃၆ဝ ကျပ်)၊ ကမ္ဘောဒီးယား ၀.၁၄ ဒေါ်လာ(၁၁၂ ကျပ်)၊ လာအို ၀.၀၉ ဒေါ်လာ(၇၂ကျပ်)၊ အင်ဒိုနီးရှား ၀.၇ ဒေါ်လာ(၅၆၀ ကျပ်)၊ တရုတ် ၀.၁ ဒေါ်လာ(၈၀ ကျပ်)၊ အိန္ဒိယ ၀.၁ ဒေါ်လာ (၈၀ ကျပ်)၊ ဘင်္ဂလားဒေ့ခ်ျ ၀.၈ ဒေါ်လာ (၆၄၀ ကျပ်)နှင့် မြန်မာ ၀.၀၆၉ ဒေါ်လာ(၅၅ ကျပ်) ဖြစ်ကြောင်း စည်ပင်သာယာက
နှိုင်းယှဉ်ဖော်ပြ ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်စည်ပင်ရေ ယူသူများအားလုံး မီတာ တပ်ဆင်ရတော့မည် ဖြစ်ကြောင်းလည်း ဌာနမှူးက ပြောသည်။

“အခု ရန်ကုန်မှာ ရေမီတာသုံးသူတွေ ရှိသလို ပုံသေ ကောက်ခံရတဲ့သူတွေလည်း ရှိတယ်။ ပုံသေ ကောက်ခံရတဲ့ သူတွေကိုတော့ လူတဦးကို တနေ့မှာ ရေဂါလံ ၃၀ နှုန်းနဲ့ တွက်ပြီးတော့ အိမ်ထောင်စု တစုကို ၅ ဦးနှုန်းနဲ့ ကောက်တာ
ပေါ့။ အဲဒီအခါ ရေအလေအလွင့် ရှိတယ်။ ရေသုံးသလောက် ပိုက်ဆံမရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် စည်ပင်နယ်နိမိတ်အတွင်း ရေဆက်သွယ် ယူထားသည့် အရေအတွက် ၂ သိန်း ၃ သောင်းခန့် ရှိသည့်အနက် မီတာ မတပ်ဆင်သော အရေအတွက်မှာ ၇ သောင်းကျော် ရှိကြောင်း စည်ပင်စာရင်းများအရ သိရသည်။

ရန်ကုန်တွင် လက်ရှိရေပေးဝေနေသော စနစ်မှာ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်နှင့် အဝီစိတွင်းတို့မှဖြစ်ပြီး တနေ့လျှင် စုစုပေါင်း ရေဂါလံ ၁၆၀ သန်း ခန့် ဖြန့်ဝေပေးနေကြောင်း စည်ပင်စာရင်းများအရ သိရသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ ၂ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ ဦးအနက် ၉၈ ဦးက ကန့်ကွက်၍ ပျက်ပြား သွားသည်။

ဦးကျော်က ဆွေးနွေးပြောဆိုခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီမှ ပေးဝေသော သောက်သုံးရေ မလုံလောက်မှုများ ရှိနေသောကြောင့် သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးပါရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မြို့နယ်ဆိုတာက ဆင်းရဲသား အများစုနေကြတာပါ။ အခုဆို ရေရဖို့အတွက် ညမအိပ်ပဲလည်း စောင့်ပြီး
ရေယူရတယ်။ မဗေဒါ ရေခပ်ဆင်းသလိုပဲ။ အခုဆိုဒီလို ရေလုံလုံလောက်လောက်မရလို့ ကျန်းမာရေး အတွက်လည်း ထိခိုက်ရပါတယ်” ဟုလည်း ဦးကျော်က သူ့အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းတင်သွင်းခဲ့သည့် အဆိုကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏသည်
နေ့စဉ် ဂါလံ သန်း ၁၆၀ ခန့်ရှိကြောင်း၊ ဆက်လက်ပြီး ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း၊ စည်ပင်က လက်ရှိဆောင်ရွက်နေသည့် ရေပေးဝေနေမှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“ရေကိစ္စဆိုတော့ အားလုံးက စိတ်ဝင်တစား နားထောင်ကြတာပေါ့။ ဒီအဆိုကို ဆောင်ရွက်ဖို့ မဲလည်းခွဲဆုံးဖြတ်ရော
ထောက်ခံသူက ၂၄ဦးပဲ ရှိတယ်။ ကန့်ကွက်သူက ၉၈ဦး၊ တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အကုန်ထတာပဲ။ ” ဟု လွှတ်တော်သတင်း ရယူခဲ့သည့် သတင်းသမားတဦးက ပြောသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1430 guests online