တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > KIO နှင့် အစိုးရ ဆွေးနွေးပွဲနေရာ ညှိဆဲ

KIO နှင့် အစိုးရ ဆွေးနွေးပွဲနေရာ ညှိဆဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။          ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း KIO နှင့် နီးစပ်သူ တဦးက
ပြောသည်။ သို့သော် အခက်အခဲများစွာ ဖြေရှင်းရန် ရှိနေသည်။

မူလက တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ပြင်ရှိ KIO တပ်ရင်း ၁၆ နယ်မြေတွင် တွေ့ဆုံရန် ညှိနှိုင်းခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံသဖြင့် မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည့် အချက်တွင် ယခုအထိ သဘောတူညီချက် မရသေးကြောင်း သူက မဇ္စျိမကို ပြောသည်။

တနလာင်္နေ့တွင် အစိုးရဘက်မှ ရှမ်းပြည်နယ် မူဆယ်မြို့တွင် နှစ်ဘက် တွေ့ဆုံရန် အဆိုပြုခဲ့သည်ကိုလည်း KIO ဘက်မှ သဘောမတူသဖြင့် အခက်အခဲများ ဖြစ်နေကြခြင်း ဖြစ်သည်။

ဆွေးနွေးကြရာတွင်လည်း ဇန်နဝါရီလအတွင်းက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်
သောအဖွဲ့နှင့် KIO အဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့သော အချက်သုံးချက်အပေါ် မူတည်၍ ဆက်လက်
ဆွေးနွေးစရာ များစွာ ရှိနေသေးကြောင်း KIO အရာရှိတဦးက ပြောသည်။

အဓိကအချက် အနေဖြင့် ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ပင်လုံတွင် ကတိကဝတ်
ပြုခဲ့ကြသည့် အမျိုးသားရေးတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကြံမ္မာကိုယ်ဖန်တီးနိုင်ရေး KIO ဘက်က တင်ပြရာတွင် “ပင်လုံကတိကဝတ်” ဟူသော အသုံးအနှုန်းတွင် သဘောထား မတိုက်ဆိုင်ကြောင်း သိရသည်။

“သူတို့(အစိုးရ)ကတော့ ပင်လုံကတိကဝတ်ဆိုတာ ဝေါဟာရကို အဲဒီအစား တခြား အဲဒါနဲ့ထပ်တူထပ်မျှ အဓိပ္ပါယ်ရှိတဲ့ စကားလုံး ကို သုံးရင်ကောင်းမယ် ထင်တယ်လို့ ပြောတယ်” ဟု အဆိုပါ KIO အရာရှိက မဇ္ဈိမကို ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်နဝါရီလ ၁၈၊ ၁၉ ရက်နေ့များက တွေ့ဆုံခဲ့ရာ အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ
တွေ့ဆုံရန်သာ သဘောတူခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားခေါင်ဆောင်များပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံ တရပ်ကျင်းပရန်နှင့် တိုင်းရင်းသား
ပြည်သူများ သဘောတူညီထားသည့် ဘုံသဘောတူညီချက် တရပ်အတည်ပြုမှတ်တမ်းတင်ရန်၊ ဖမ်းဆီးထားသူများ ရှိပါက နှစ်ဘက်ပြန်လည် လွတ်ပေးရန်နှင့် စစ်ဘေးသင့် ကျေးရွာများအား ပြန်လည်တည်ဆောက် ပေးရန်စသည့် အချက်များ KIO ဘက်မှ တောင်းဆိုထားသည်။

ယခု စီစဉ်နေသည့် ဆွေးနွေးပွဲ ဖြစ်ပေါ်လာပါကလည်း ကြီးမားသည့် သဘောတူညီချက် မမျှော်လင့်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ တင်ထားတဲ့ သုံးချက်အပေါ်မှာ နိုင်ငံရေးဆွေးနွေးဖို့ အချက်တွေပဲ ပြန်ဆွေးနွေးတာလောက်ပဲ ရှိမယ်။ တခြား ထူးထူးထွေထွေ မပါလောက်ဘူး” ဟု KIO အရာရှိက မဇ္စျိမကို ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ KIO နှင့် အစိုးရကိုယ်စားလှယ်များ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု သုံးကြိမ် တိုင်တိုင်ပြုလုပ်ပြီးသော်လည်း သဘောတူညီမှုမရသေးပေ။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ လုပ်ဆောင် နေသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း KIO ထိန်းချုပ် နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု KIO တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော် က ပြောသည်။

“ကျနော်တို့ဘက်မှာက ပုံမှန်လှုပ်ရှားနေတာပဲ။ အစကတည်းက ရှိတဲ့ အင်အား ၁,ဝဝဝ ဝန်းကျင်ရှိမယ်။ ကျနော်တို့ တပ်မဟာနယ်မြေ ဧရိယာထဲမှာ ရှိနေတုန်းပဲ။ ကျနော်တို့နဲ့ တွေ့တဲ့နောက်လည်း တရက်ခြား၊ နှစ်ရက်ခြားတော့ တိုက်ပွဲ ဖြစ်နေတာပဲ” ဟု သူက မဇ္စျိမကို ပြောသည်။  

မြန်မာစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်များက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွား
နေသည့် နေရာများတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် သုံးနှစ် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၁၉၉၄ ခုနှစ်မှစ၍ ထိုစဉ်က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၁ ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1437 guests online