ချင်းမိုင်း (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ မကြုံတွေ့စေရန်နှင့် မဲပေးပုံကို မဲဆန္ဒရှင်များ သိရှိနားလည်စေရန် ရည်ညွှန်း၍ ရေးထားသည့် ‘လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ’ စာအုပ်ကို ပြည်နယ်
နှင့် တိုင်း အားလုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ စည်းရုံးရေးတာဝန်ရှိသူများထံ အုပ်ရေ ၁၀၀ စီ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ခေတ် ဂျာနယ်တိုက်မှ ပုံနှိပ်ဖြန့်ချိသော အဆိုပါ စာအုပ်ကို ဥပဒေပညာရှင် စာရေးဆရာ ဦးကိုနီ ရေးသား၍ အုပ်ရေ နှစ်ထောင် ကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့ပြီးနောက် သက်ဆိုင်ရာ နယ်စည်းရုံးရေး တာဝန်ရှိသူများထံ အင်္ဂါနေ့က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေး
ကော်မတီ တာဝန်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့မှာလည်း မြို့နယ်အလိုက် ကျေးရွာအလိုက် စည်းရုံးလှုံ့ဆော်မယ့် စည်းရုံးရေးအင်အားတွေ ရှိပါတယ်။ အဲဒီလူတွေက တဆင့် ဒီစာအုပ်ကို ကိုင်ပြီးတော့ ရှင်းပြနိုင်တာပေါ့။ စာအုပ်တွေက မနေ့ကပဲ ကျနော်တို့ဆီကို
ရောက်တော့ ဒီနေ့ပဲ ပြည်နယ်နဲ့ တိုင်းအားလုံးကို ပို့လိုက်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
စာအုပ်တွင် စာမျက်နှာ ၄၀ ကျော် ပါရှိပြီး မဲပေးပုံ၊ ကြိုတင်မဲပေးခွင့်ရှိသူ၊ မဲရေတွက်ပုံနှင့် မဲမသမာမှုရှိလျှင် အရေးယူနိုင်ခြင်း စသည်များကို အခန်း ၅ ခန်းခွဲ၍ ဥပဒေပညာရှင် စာရေးဆရာ ဦးကိုနီ ရေးသား တင်ပြထားသည်။
NLD ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသော ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ခိုင်ရေးပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း မဲမသမာမှုများရှိခဲ့ကြောင်း စွပ်စွဲတိုင်တန်းမှုများရှိခဲ့သည်။ မဲဆန္ဒရှင်များအနေဖြင့် ယင်းဖြစ်ရပ်မျိုး လာမည့်ရွေးကောက်ပွဲတွင် မကြုံတွေ့စေရန် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း စာရေးသူ ဦးကိုနီ က ပြောသည်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ NLD မပါတော့ ကျနော်တို့က သိပ်စိတ်ဝင်စားမှု မရှိခဲ့ဘူးပေါ့လေ။ ဒီတခါ သူတို့ ဝင်ပြိုင်မယ်ဆိုတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲမသမာမှု အနံ့အသက်က ထွက်တော့ ဒီစာအုပ်ကို ထုတ်ပြီး ပြည်သူတွေ ကြားထဲ ပြန့်နှံ့အောင် လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ မဲဘယ်လိုပေးရမယ်ဆိုတာကို သိသွားအောင်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါစာအုပ်ကို ပြည်သူ့ခေတ် ဂျာနယ်တိုက်မှတဆင့် တအုပ်လျှင် ၃ဝဝ ကျပ်ဖြင့် ဖြန့်ချိပေးလျက်ရှိကြောင်းလည်း သိရသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြိုတင်မဲများ၊ မဲလက်မှတ်များကို အမှတ်ခိုးခြစ်မှုများ၊ အသက် မပြည့်သေးသူများကို လိုအပ် သလို အမည်ပေး၍ မဲကဒ်ပြားများတွင် အမည်တပ် မဲထည့်မှုများ ရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ယင်းအဖြစ်မျိုးနှင့် မကြုံစေရန် ပြည်သူများက သိရှိထားရန်လိုအပ်ကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ PDP ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြောသည်။
“မဲမသမာမှုခံရတယ်ဆိုရင် ခိုးတဲ့လူမှာ အပြစ်မရှိဘူး အခိုးခံရတဲ့လူမှာပဲ အပြစ်ရှိတယ်။ ခိုးတဲ့လူကတော့ ခိုးကိုခိုးမှာပဲ။ ဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲမှာ အရင်ကလို မဲမသမာမှုမကြုံအောင်ဆိုလို့ရှိရင် မဲဆန္ဒရှင်ဖြစ်တဲ့ ပြည်သူတွေ က စနစ်တကျ စောင့်ကြည့်သင့်တယ်။ ပါဝင်သင့်တယ်။ ဒီလိုစောင့်ကြည့်မှုမျိုးသာလျှင် မှန်ကန်လိမ့်မယ်” ဟု မဇ္ဈိမကို
ပြောသည်။







