တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ
ပြန်လည်ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည်နေရာချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင်ဦးစားပေးအဖြစ် ဆွေးနွေးသွားမှာပါ။ နယ်စပ် ဒုက္ခသည်စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က
နေရေးနဲ့ ရိက္ခာတွေ အထဲကလူတွေလောက် ပူစရာမလိုဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
knuandgov2
အဆိုပါ ဒုက္ခသည်များမှာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ တောတောင်များအတွင်း ခြေသလုံးအိမ်တိုင် ဘဝဖြင့် ပုန်းအောင်းနေရပြီး စားဝတ်နေရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ စားနပ်ရိက္ခာအကူညီပေးရေးအဖွဲ့များက လက်လှမ်းမှီသ၍ ကူညီပေးလျက်ရှိကာ ကျန်းမာရေး စောင့်လျှောက်မှုကို နယ်လှည့်ကျောပိုးအိတ်အဖွဲ့ BPHWT နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ဆေးတပ်ဖွဲ့တို့မှ ကုသမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

IDP ဒုက္ခသည် စုစုပေါင်း ၁ သိန်းခန့်ရှိပြီး KNU အပေါ် မြန်မာအစိုးရက ထိုးစစ်ဆင်ရာတွင် ရွာလုံးကျွတ် မီးရှို့ခံရသူများ
နှင့် မြေမြှပ်မိုင်းများကြောင့် နေရပ်ရင်းသို့ မပြန်နိုင်သူ အများစုဖြစ်ပြီး ပဲခူးတိုင်း၊ ရွှေကျင်၊ ကျောက်ကြီး အပါအဝင် ကရင်ပြည်နယ်ရှိ မြို့နယ် အားလုံးနီးပါးမှ လာသူများဖြစ်ကြောင်း BPHWT ဒါရိုက်တာ ဦးမန်းမန်းက ပြောသည်။

ထို့အတူ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့၌ ရေကာတာ တည်ဆောက်မှုကြောင့် ရွှေ့ပြောင်းရသော သူများလည်း ပါရှိသည်ဟု ဆိုသည်။

“အဓိကကတော့ ပြည်တွင်းစစ်၊ အစိုးရဲ့ထိုးစစ်တွေကြောင့် နယ်မြေထိန်းချုပ်မှုတွေ၊ ရေကာတာ ဆောက်တာတွေ အကြိုးဆက်တွေကနေ ရွာပုန်းရွာရှောင် အနေအထားနဲ့ အမြဲတမ်း ရွှေ့ပြောင်းနေရတာကတော့ ကရင်ပြည်နယ် မြို့နယ်အားလုံးလိုလိုပါပဲ။ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းဘက်ကလည်း ပါတာပဲ” ဟု ဦးမန်းမန်း က မဇ္ဈိမကို ပြောသည်။

KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြပြီး KNU ဘက်မှ တောင်းဆိုသည့် အချက် ၁၁ ချက်အား မူအားဖြင့် နှစ်ဖက် သဘောတူထားပြီး ယင်းအချက်များကို အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် အသေးစိပ် ထပ်မံဆွေးနွေးကြဖို့ ၄၅ ရက်အတွင်း တွေ့ဆုံကြမည် ဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် ရွာပုန်းရွာရှောင်ဒုက္ခသည်များအရေး၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အရေး
နှင့် KNU နှင့် ဆက်နွယ်၍ အကျဉ်းချခံထားရသည့် အကျဉ်းသားများ လွတ်မြောက်ရေးတို့ကို KNU ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးကော်မတီက ထည့်သွင်းဆွေးနွေးသွားမှာဖြစ်သည်။ အကျဉ်းသား စာရင်းများကိုလည်း ပြုစုထားပြီး
ဖြစ်ကြောင်း ဒေးဗစ်ထောက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံနေကြသည့် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲဝန်းကျင်ခန့်ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ အကူအညီပေးရေးအဖွဲ့ TBBC က စားနပ်ရိက္ခာ ထောက်ပံ့ပေး
နေလျက်ရှိသည်။ အဆိုပါ ဒုက္ခသည်များထဲတွင် KNU နှင့် အစိုးရတပ်များ တိုက်ပွဲပဋိပက္ခများကြောင့် ရောက်ရှိလာ သည့် ကရင်လူမျိုး အများစုပါဝင်ပြီး နိုင်ငံရေးအရ ထွက်ပြေးပုန်းခိုလာသူ အခြားတိုင်းရင်းသားများလည်း ရှိကြသည်။

ဒုက္ခသည်များမှာ မူလက ၎င်းတို့နယ်မြေများအတွင်း စပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးကြသူများ ဖြစ်သည်။ ယခုအခါ တွင် နယ်မြေအတွင် အိုးအိမ်၊ လယ်မြေများ ပျက်စီးကုန်ပြီး နယ်မြေအတွင်းရှိ မြေမြှပ်မိုင်း အန္တရာယ်ကြောင့် နေရပ်ရင်း
ပြန်လည် အခြေချရန် အခက်ခဲများစွာရှိနေကြောင်း ပြောဆိုကြသည်။

၂ဝ၁ဝ ခုနှစ်အစောပိုင်းက အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် နို့ဘိုး ဒုက္ခသည်စခန်းတွင် လာရောက် ခိုလှုံနေသူ ပိုင်ကျုံမြို့နယ်သား တဦးက “ကျနော်တို့ရွာတွေက ကွက်လပ်တွေပဲ ရှိတယ်။ တောထဲသွား မျှစ်ချိုး တောင်ယာစိုက်ဖို့ဆိုတာ မိုင်းတွေ ရှိနေတယ်။ ဒီကိစ္စက ဘယ်သူမှ ဖြေရှင်းပေးနေတာ မဟုတ်သေးဘူး။ ပြန်လုပ်ပါမယ်တဲ့ လှည်းလည်းမရှိ၊ နွားလည်းမရှိ။ ဒါတွေ ဘယ်သူတွေက စီစဉ်ပေးမှာလဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရတပ်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကဒီးမူ ရွာကို ၂ဝ၁ဝ ဖေဖေါ်ဝါရီလပိုင်းက မီးရှို့ခဲ့သဖြင့် မယ်လ ဒုက္ခသည်စခန်းတွင် သုံးနှစ်ခန့် လာရောက်ခိုလှုံနေသူ ကရင်အမျိုးသမီးတဦးကလည်း “ကျမတို့က အခု ဘာမှန်းမသိဘူး ဒီမှာနေရတာ။ တတိယ နိုင်ငံကို ပို့မယ်ဆိုလည်း ကျမတို့ သားသမီးတွေအတွက် ပညာရေး စိတ်ပူစရာ မလိုဘူး။ ရွာပြန်ပို့မယ် ဆိုလည်း အန္တရာယ်ကင်းကင်းနဲ့ လုပ်ကိုင်စားသောက်ဖို့ ရပ်တည်နိုင်ဖို့ အာမခံချက်တွေရှိရင် ကောင်းတာ
ပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များ နေရပ်ရင်းပြန်၍ ဘဝများ ပြန်စနိုင်ကြရန်အတွက် မြန်မာအစိုးရနှင့် KNU တို့မှာ တာဝန်ရှိပြီး စစ်မှန်သည့် အပစ်အခတ် ရပ်စဲမှုပြုလုပ်ပြီး မြေမြှပ်မိုင်းများ ရှင်းလင်းကာ၊ ဒုက္ခသည်များ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များ ပြုလုပ်ပေး
ခြင်း၊ လယ်ယာမြေများကို ပြန်လည် ခွဲဝေပေးခြင်း၊ ကောက်ပဲသီးနှံ မျိုးစေ့များ၊ စိုက်ပျိုးရေး ကိရိယာများနှင့် ဒုက္ခသည်များအား မှတ်ပုံတင် ထုတ်ပေးခြင်းများဖြင့် ထူထောင်ရေး ပြုလုပ်ပေးရန် လိုအပ်ကြောင်း BPHWT မှ ဦးမန်းမန်း က ပြောသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1574 guests online