တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြန်မာတိုက်စစ်မှူး ကျော်ကိုကို ဂျာမန်မြေတွင် ကစားဖွယ်ရှိ

မြန်မာတိုက်စစ်မှူး ကျော်ကိုကို ဂျာမန်မြေတွင် ကစားဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အဓိက တိုက်စစ်မှူးတဦးဖြစ်သူ ကျော်ကိုကိုအား ဂျာမနီ ပြည်တွင်း ပထမတန်း Bundesliga တွင် ကစားရန် အကြိုခြေစမ်းမှု ပြုလုပ်ဖို့ ကမ်းလှမ်းချက် ရရှိထားကြောင်း မိခင်ကလပ်အသင်း ဇေယျာရွှေမြေ Zayarshwemyay FC က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဇေယျာရွှေမြေ ကလပ်အသင်းတွင် ခြေစွမ်းပြ ကစားနေသည့် ကျော်ကိုကို အား ဂျာမန် Bundesliga တွင် ကစားနိုင်ရန်အတွက် အစမ်းသပ်ခံရန် ကစားသမား အပြောင်းအရွှေ့ ကိုယ်စားလှယ်လုပ်ငန်း Football Net Management- F.N.M က တရားဝင် ဆက်သွယ်လာခြင်းဖြစ်သည်ဟု ဇေယျာရွှေမြေ၏ သတင်းနှင့်
ပြန်ကြားရေးတာဝန်ခံ ဦးနေမန်း က ပြောသည်။

“အသင်းအနေနဲ့ကတော့ ကျော်ကိုကို ဂျာမနီ သွားဖို့အတွက် သဘောတူထားပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုချက် ရတာနဲ့ ဂျာမန်မှာ သူ့ကို ခြေစမ်းသပ်မှု ခံရမှာပါ။ ခြေစမ်းမှု အောင်မြင်ရင်တော့ ကစားသမားအဖြစ် စာချုပ် ချုပ်မှာပါ” ဟု ဦးနေမန်း က မဇ္ဈိမကို ပြောသည်။
kyawkoko
ကျော်ကိုကိုအနေဖြင့် Bundesliga တွင် လာရောက်အစမ်းသပ်ခံဖို့အတွက် F.N.M က ဇေယျာရွှေမြေအသင်းထံ ဇန်နဝါရီ ၁၂ ရက်နေ့က အကြောင်းကြားလာခဲ့ပြီး မြန်မာဘက်မှ ခွင့်ပြုပါက ကစားသမား၏ အသွားအပြန် လေယာဉ် စရိတ်နှင့် နေထိုင် စားသောက်ရေးတို့ကို F.N.M က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သည်။

F.N.M က ကျော်ကိုကို အား Bundesliga  အသင်းတသင်းဖြင့် စမ်းသပ်မှုအောင်မြင်ပါက မိခင် ကလပ်အသင်း
ဇေယျာရွှေမြေသို့ ပြောင်းရွှေ့ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်း ပေးချေသွားမှာဖြစ်ပြီး ကစားသမား၏ တပါတ် အားကစားကြေးကိုတော့ အမေရိကန်ဒေါ်လာ ၅ ထောင် မှ ၇ ထောင်အကြား ပေးချေသွားမည်ဟု ကမ်းလှမ်းချက်၌ ပါရှိသည်။

ဇေယျာရွှေမြေအသင်းကလည်း ၎င်းတို့ ကစားသမားအား ကမ်းလှမ်းမှုကို ခွင့်ပြုပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သို့ ဇန်နဝါရီ ၂၀ ရက်နေ့က ကမ်းလှမ်းထားချက်နှင့်အတူ ပူးတွဲတင်ပို့ထားပြီးဖြစ်သည်။

မြန်မာ့ဘောလုံးလောက တိုးတက်ရေးနှင့် နိုင်ငံတကာသို့ ထိုးဖောက်လာနိုင်ရေးတို့အတွက် ယခုကဲ့သို့ ကမ်းလှမ်းလာမှု ကို စီစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း MFF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

“ကိုယ့်နိုင်ငံက ကစားသမားတယောက် နိုင်ငံတကာ အတွေ့အကြုံ ရမယ်၊ တိုးတက်မယ့်လမ်းကြောင်းအတွက် သူ့ကို ပိုင်တဲ့ ကလပ်အသင်းက ခွင့်ပြုရင်၊ ကစားသမားကလည်း သဘောတူတယ်ဆိုရင် ကျနော်တို့က ကူညီပေးသွားမှာပါ။ တခုရှိတာက နိုင်ငံ့ကိုယ်စားပြုပွဲစဉ်တွေ ပြန်လာကစားဖို့ကိုတော့ နှစ်ဘက်ညှိနှိုင်းရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကစားသမားဖြစ်သူ ကျော်ကိုကိုက “ကျနော့်အနေနဲ့ကတော့ နိုင်ငံတကာမှာ မြန်မာ့ဘော့လုံး ထိုးဖောက်နိုင်မှုကို
ပြနိုင်ဖို့အတွက် ဒီအခွင့်အရေးကို လိုလိုလားလားကို လက်ခံပါတယ်။ ကျနော့်အနေနဲ့လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။ လက်ရှိအချိန်တွင် ကျော်ကိုကိုမှာ အသက် ၂၀ ဖြစ်ပြီး အရပ်အားဖြင့်
၁၇၄ စင်တီမီတာ၊ ခန္ဓာကိုယ် အလေးချိန် ၆၅ ကီလိုဖြစ်သည်။

သူသည် ၂၀၁၁ မြန်မာနေရှင်နယ်လိဂ်၏ ဂိုးသွင်းအများဆုံးဆုကို ရရှိထားသလို ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ခြေစွမ်း ထင်ပေါ်ခဲ့သည့် ကစားသမားတဦးဖြစ်ကာ Goal.com ၏ အရှေ့တောင်အာရှ၏ အကောင်းဆုံး ကစားသမား ၅ ဦး စာရင်းတွင် ရွေးချယ်ထားခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

ဂျာမန် Bundesliga ၏ ကမ်းလှမ်းမှု အထမြောက်ပါက ဥရောပနိုင်ငံသို့ တရားဝင် သွားရောက်ကစားသည့် ပထမဦးဆုံး
သော မြန်မာဘောလုံးသမား ဖြစ်လာမည့် ကျော်ကိုကိုသည် လက်ရှိ ဇေယျာရွှေမြေအသင်း၌ လစာငွေ ၁၀ သိန်းဖြင့် ကစားနေသည်။ သူသည် အသက် ၁၃ နှစ်အရွယ်မှစပြီး မန္တလေး အားကစားနှင့် ကာယပညာသိပ္ပံတွင် သင်ကြားခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ဇေယျာရွှေမြေအသင်းနှင့်အတူ တောက်ပလာခဲ့သည်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က “မြန်မာကစားသမားတယောက် ခုလို ဥရောပ အသင်း က ကမ်းလှမ်း လာတာဟာ ဂုဏ်ယူစရာ ကောင်းသလို တကယ့်အလာအလာကောင်းပေါ့ဗျာ။ နောက်ထပ် လူငယ်တွေ လည်း ကြိုးစားချင်စိတ် ပေါက်လာတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဂျာမန် Bundesliga တွင် အာရှတိုက်မှ တောင်ကိုရီးယား၊ အီရန်၊ တရုတ်နှင့် မြောက်ကိုရီးယား ကစားသမားများ အခြေချ ကစားလျက်ရှိကြောင်း သိရသည်။

၁၉၈၇ ခုနှစ်က မြန်မာကစားသမားတဦးဖြစ်သည့် အောင်ထွန်းထွန်းက ပြင်သစ်နိုင်ငံ တတိယတန်း ဆုကြေးစား မာဆေး ကလပ် အသင်းတွင် တရားမဝင်အဖြစ် သွားရောက်ကစားခဲ့ဖူးပြီး ၁၉၉၀ နောက်ပိုင်းတွင် သန်းတိုးအောင်၊ ဝင်းအောင်၊ စိုးနိုင်၊ မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ ကြည်လွင်၊ မောင်မောင်ဦး၊ ဆန်းဝင်း တို့သည်လည်း တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်း တို့တွင် ဆုကြေးစားအဖြစ် အသီးသီး သွားရောက်ကစားခဲ့ကြဖူးသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1574 guests online