ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရနှင့် KIO ရွှေလီတွင် နိုင်ငံရေး ဆွေးနွေးမည်

အစိုးရနှင့် KIO ရွှေလီတွင် နိုင်ငံရေး ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တို့ ဗုဒ္ဓဟူးနေ့တွင် နိုင်ငံရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု KIO က ပြောသည်။

ဦးအောင်သောင်း ခေါင်းဆောင်သော ၁၃ ဦးပါ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၊
ရွှေလီမြို့ တနေရာတွင် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ပြီး KIO ဘက်မှ ၁၂ ဦး ရွေးချယ်ထားကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

KIO အနေဖြင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကဲ့သို့ ဦးစွာ အပစ်အခတ်ရပ်စဲမည် မဟုတ်ဘဲ နိုင်ငံရေးလမ်းကြောင်းကိုသာ အဓိကထား ဆွေးနွေးမည်ဟု ဦးလနန် က မဇ္ဈိမကို ပြောသည်။

“အပစ်အခတ် ရပ်စဲရေး ကိစ္စဟာ နိုင်ငံရေး ပြဿနာကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးသက်ရောက်မှုတွေပဲ။ ဒါကြောင့် နိုင်ငံရေးကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းကြမလဲ၊ ခိုင်ခိုင်မာမာနဲ့ အားလုံး ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း ဖြစ်မယ့် နိုင်ငံရေးဆွေးနွေးမှု လမ်းစဉ်ကို ကျနော်တို့ အဓိက လမ်းကြောင်း ပေါ်လွင်အောင် အဓိက ဦးစားပေး ဆွေးနွေးသွားဖို့ ရှိတယ်ခင်ဗျ” ဟု ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲထားခဲ့သည့် KIO မှာ ၂ဝ၁၁ ဇွန်လပိုင်းတွင် အစိုးရတပ်နှင့် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နိုင်ငံရေးကို နောက်မှပဲ ပြောဆိုကြမယ်ဆိုတဲ့ဟာက ၁၇ နှစ်ပတ်လုံး ကျနော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာအရ ကျနော်တို့အတွက် ဘာမှ အာမခံချက် မရှိဘူးဖြစ်နေတယ်” ဟု ဦးလနန်က ပြောသည်

“တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးအတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး ညှိနှိုင်းကာ
ဖြေရှင်းသွားနိုင်ရန်” အတွက် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးမှု စတင်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၇ ရက်နေ့ ရက်စွဲဖြင့် KIO ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၂ ရက်နေ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
ကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “စစ်တိုက်ရင်း ဆွေးနွေးမယ်ဆိုရင် အခက်အခဲ ရှိနိုင်တဲ့ အတွက်ကြောင့် KIO အနေနဲ့ အဲဒီဟာကို ထည့်သွင်း စဉ်းစားစေချင်တယ်။ ... အကယ်၍ အပစ်ကို ရပ်ပြီးတော့
ဆွေးနွေးမယ်ဆိုရင် ပိုပြီး ချောမွေ့မယ်လို့ ကျနော် မြင်ပါတယ်။ ဆွေးနွေးခြင်းက အကောင်းဆုံး အဖြေပဲလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်စာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က
KIO ကို ပေးပို့ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်နိုင်ဦး က “KNU က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်သွားတော့ လက်တွေ့နောက်ဆုံး တိုက်နေတာက KIO တခုပဲရှိနေတော့ သူ့တဖွဲ့တည်း ကျန်တော့တဲ့ အနေအထား ဖြစ်သွား
တယ်။ ဆိုတော့ KIO အပေါ်မှာ Pressure က တကယ်များလာတယ်။ ”  

“နှစ်ဖက်လုံးက စကားပြောဖို့ ကြိုးစားနေတာတော့ ရှိတာပေါ့နော် ဒါပေမယ့် အခက်အခဲကတော့ ရှိနေတယ်။ အစိုးရဘက်ကလည်း သူ့ပေါ်လစီသူ ရှိနေတယ်၊ KIO ကလည်း သူ့ပေါ်လစီ သူ ရှိနေတယ်၊ ဒါပေမယ့် အောက်ခြေ တပ်မှာဖြစ်နေတဲ့ ပြဿနာတွေကလည်း ရှိတာပေါ့။ ဘယ်လောက်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတ ပြောဖို့ ခက်တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအတွက် KIO ကိုယ်စားလှယ်အဖွဲ့ ရွှေလီမြို့သို့ ထွက်ခွါသွားကြပြီ ဖြစ်သော်လည်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာမှ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်သည်ဟု ဦးလနန်က ပြောသည်။

ကချင်ပြည်နယ်နှင့် နယ်စပ် လိုင်ဇာတွင် တိုက်ပွဲဖြစ်ပွားနေရာ နှစ်ဖက် သဘောထား တင်းမာနေသည့်အတွက်
ပြည်ပတနေရာမှာ ဆွေးနွေးထားဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို   ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်ပြီး သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို  ရထားဝန်ကြီး ဦးအောင်မင်းက ဦးဆောင်သည်။  

ဦးအောင်သောင်းနှင့် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့မှ ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)
နှင့် မိုင်းလား အဖွဲ့တို့နှင့် အပစ်ရပ် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ဦးအောင်မင်းအဖွဲ့မှ  ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသား တပ်ဦး CNF၊ ရှမ်းပြည်တပ်မတော်
တောင်ပိုင်း (SSA-S ) တို့က အပစ်အခတ်ရပ်စဲ သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ ၁၈ ရက်နေ့တွေင် တွေ့ဆုံမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင် အမည်များ

kiometgovtable1

သမ္မတရုံးက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင် အမည်များ

kiometgovtable



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1096 guests and 1 member online