ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီး အဆုံးသတ်

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာခရီး အဆုံးသတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ ဂျပန် နိုင်ငံရေးခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba သည် မြန်မာအစိုးရ
နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအတွက် စာချုပ်ချုပ်နိုင်ရေး ညှိနှိုင်းမှုများ စတင်ရန် သဘောတူညီခဲ့ပြီး သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို တနင်္လာနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

တနင်္လာနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဆွေးနွေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် မစ္စတာဂင်းဘားက ယင်းကိစ္စကို စကားပြန်မှ တဆင့် ပြောဆိုလိုက်သည်။

“နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်နိုင်အောင် စတင်ညှိနှိုင်းဖို့ အစိုးရနဲ့ ဂျပန်နိုင်ငံကြားမှာ သဘောတူညီချက် ရရှိပါတယ်” ဟု ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ :: ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ဂျပန်နိုင်ငံမှ လူသားခြင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးမှု၊ စီးပွားရေး စသည်တို့နှင့် ပတ်သတ်သည့် ကူညီထောက်ပံ့မှုများအပြင် ဒီမိုကရေစီအဆောက်အအုံ ခိုင်မာရေးကိုလည်း ထည့်သွင်းစဉ်းစားသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ :: ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) Koichiro Gemba သည် ကိုးနှစ်ကြာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ :: ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba နှင့် တွေ့ဆုံမှုအပေါ် ရှင်းလင်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်ခြံဝင်းအတွင်း ဒီဇင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်စေလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံကို ဂျပန်နိုင်ငံကဲ့သို့ တိုးတက်နိုင်ခြင်းရှိမရှိ အမြင်ဖြင့် သွားရောက်လေ့လာလိုကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ :: ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ဂျပန်နိုင်ငံမှ လိုက်ပါလာသည့် မီဒီယာသမားများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအပြင်ဘက်တွင် ဒီဇင်ဘာလ ၂၆ ရက် ၂ဝ၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

မစ္စတာဂင်းဘားသည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဂျပန်က အကူအညီပေးနိုင်မည့် နည်းလမ်းများရှာဖွေရေး၊ ဒီမိုကရေစီအသွင်ပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် ကူညီရေး၊ ယဉ်ကျေးမှုဖလှယ်ရေးကိစ္စများ အစိုးရနှင့် သာမက အတိုက်အခံ ခေါင်းဆောင်နှင့် လည်း ဆွေးနွေးသည်။

၂ဝ၁ဝ ခု ရွေးကောက်ပွဲအပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီနှင့် ပူးပေါင်း ဆောင် ရွက်နေခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေမှုများကို တိုးတက်မှုလက္ခဏာအဖြစ် ဂျပန်က ရှုမြင်နေသည်။

“မြန်မာအစိုးရက ဒီလိုလုပ်ဆောင်မှုကို တတ်နိုင်သမျှ ဂျပန်အစိုးရအနေနဲ့ ဝိုင်းဝန်းကူညီ အားပေး ချင်တဲ့ ဆန္ဒ ရှိပါတယ် ခင်ဗျ” ဟု ဂင်းဘားက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဒီမိုကရေစီနိုင်ငံဖြစ်သည့် ဂျပန်အနေဖြင့် မြန်မာ့ဒီမိုကရေစီ ထူထောင်ရေး ကြိုးပမ်းမှု များကို အင်တိုက်အားတိုက် ထောက်ပံ့မည်ဟု မျှော်လင့်နေပြီး မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အဆောက်အအုံများ ခိုင်မာစေရေးကိုလည်း ထည့်သွင်းစဉ်းစားရန် မစ္စတာဂင်းဘားကို အကြံပြုခဲ့သည်။

“ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးကြားမှာ သွေးစည်းညီညွတ်မှုရှိဖို့အတွက်ကို လူသားမှုဆိုင်ရာ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသား ဒေသတွေမှာလည်း တန်းတူရည်တူ ပေးဖို့ လိုတယ်ဆိုတာ လည်း ကျမရှင်းပြခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်ထောက်များအား တနင်္လာနေ့က ပြောသည်။

ဝန်ကြီးသည် မြန်မာနိုင်ငံသို့ မလာမီ တပတ်ခန့်အလိုတွင် ယခင်လကုန်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန်နှင့် ဝါရှင်တန် နိုင်ငံခြား ရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီးနောက် “မြန်မာအရေးမှာ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ နက်နက် ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု
ပြောဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်၏မဟာမိတ် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပိုမိုဆက်ဆံရန် ပြင်ဆင်လာနေပြီး ဂျပန် စီးပွား/ကုန်သွယ် စက်မှုဝန်ကြီး မစ္စတာ ယူကီအို အီဒါနို Yukio EDANO လည်း ဇန်နဝါရီလ ၂ဝ ရက်ဝန်းကျင်တွင်
မြန်မာနိုင်ငံသို့ သွားမည်ဟု ဂျပန် အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB နာယက
ဒေါက်တာ မင်းညိုက မဇ္ဈိမကို ပြောသည်။

“သူကကျတော့ သူတို့ ဘာတွေကူညီနိုင်မလဲ။ အစိုးရအနေနဲ့ ဘာတွေလုပ်နိုင်မလဲ စုံစမ်းမှာပေါ့။” ဟု သူက ပြော သည်။ မစ္စတာ ယူကီအို အီဒါနို မတိုင်မီ ဇန်နာဝါရီ ၇ ရက်နေ့တွင် ဂျပန်အထက် လွှတ်တော်မှ ပါတီစုံအမတ် တစုလည်း သွားမည်ဟု ဆိုသည်။

မြန်မာ ကုန်သည်/စက်မှု အသင်းချုပ်မှ ဦးလှမောင်ရွှေကမူ ဂျပန်အနေဖြင့် အထည်ချုပ် လုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွားလာမှု ကဏ္ဍများတွင် လတ်တလော တိုးမြှင့်ရန် လွယ်ကူပြီး ၂ဝ၁၂ နှစ်လယ်ခန့် တွင် အခြားလုပ်ငန်းများ တွင်လည်း ပိုလာနိုင်သည်ဟု သုံးသပ်သည်။

“၂ဝ၁၂ ခုနှစ်လယ်လောက်ဆိုရင် ကျနော်တို့ဘက်ကလည်း ဖြေလျော့မှုတွေတချို့ လုပ်ပြီးသား ဖြစ်မယ်။ လွှတ်တော်ကိုလည်း ယုံကြည်မှု ပိုရလာမယ်။ ဥပဒေရဲ့ အကာအကွယ်ကလည်း ပိုပြီး ရှိလာမယ်လို့ မျှော်လင့်တော့ ပိုလုပ်လို့ရမယ်ထင်တယ်” ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

မစ္စတာ ဂင်းဘားကမူ သမ္မတဦးသိန်းစိန် အထူးမျှော်လင့်နေသည့် ရန်ကုန်မြို့အနီးရှိ သီလဝါ ဆိပ်ကမ်းဖွံ့ဖြိုးမှုတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး လေ့လာသွားမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲ မှုပပျောက်ရေး၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြော သည်။ ထို့ပြင် ပုဂံရှေးဟောင်း စေတီတော်များကို ပြုပြင် ထိန်းသိမ်းရန် ကျွမ်းကျင် ပညာရှင်များကို လည်း ၂ဝ၁၂ ခု ဖေဖော်ဝါရီတွင် စေလွှတ်ပေးမည်ဟု ဆိုသည်။

လတ်တလောတွင် ဂျပန်နိုင်ငံမှ Nippon Oil ကုမ္ပဏီသည် မုတ္တမပင်လယ်မှ ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် Premier၊ MOGE, PTT-EP တို့နှင့်အတူ ပူးတွဲပါဝင်နေသည်။ ထို့ပြင် ကုန်းတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၁၈ ကွက်မှ တချို့ ရရှိနိုင် ရေးလည်း ကြိုးစားမှုများ ရှိနေကြောင်း မြန်မာ့ စွမ်းအင် ဝန်ကြီးဌာနက မဇ္ဈိမကို ပြောသည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ မလာမီ ၃ ရက်အလို ဒီဇင်ဘာ ၂၂ ရက်တွင် ဂျပန်နိုင်ငံ အောက် လွှတ်တော် အမတ်လည်းဖြစ် ဂျပန်ပါလီမန် ဂျပန်-မြန်မာ မိတ်ဆွေအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ ကာဇူယာ ရှင်ဘ သည် ပညာရေး၊ လူမှုရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ စက်မှုဇုန်များ တည်ထောင်ပြီး ဂျပန်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးတို့နှင့် ဆက်စပ်၍ မြန်မာ ကုန်သည်/စက်မှု အသင်းနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့သေးသည်။

မစ္စတာဂင်းဘားက ဦးသိန်းစိန်အား ၂၀၁၂ ခု ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်ကိုမူ ၂ဝ၁၁ ခု မတ်လက ဖြစ်ပွားခဲ့သည် ဂျပန်အရှေ့ခြမ်း ငလျင်ဒဏ်မှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လေ့လာနိုင်ရန် ဂျပန်နိုင်ငံသို့ ဖိတ်ကြားခဲ့သည်။

၂ဝ၁၁ စက်တင်္ဘာတွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ ဒီမိုကရက်ပါတီမှ အောက်လွှတ်တော် အမတ် ဂင်းဘား သည် မြန်မာနိုင်ငံမှတဆင့် ထိုင်းနှင့် ကမ္ဘောဒီးယားသို့လည်း လှည့်လည်ဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် နံပါတ် ၁၂ တွင် ရှိပြီး ၂ဝ၁၁ မေလ အထိစာရင်းအရ အမေရိကန်ဒေါ်လာ ၂၁၂ သန်းခန့်ရှိကြောင်း တရုတ် ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1116 guests and 1 member online