နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖွံ့ဖြိုးအောင် လုပ်ပေးလိုလျင် အင်စတီကျူးရှင်းများ တိုးပွားလာအောင် လက်တွေ့ ကူညီဖို့ လိုအပ်သည်ဟု လွှတ်တော်တွင်းမှ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF က ပြောဆိုသည်။
“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် တိုးတက်အောင် ကူညီချင်တယ် ဆိုရင်တော့ကာ ပါးစပ်နဲ့တင် ကူညီတာ မဟုတ်ဘဲနဲ့ လက်တွေ့ကျတဲ့ဟာတွေ စဉ်းစားဖို့ လိုပြီတော့လို့ ပြောကောင်းပြောဖို့ လိုလာမှာပေါ့ဗျာ” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
“ဒီမိုကရေစီကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် Institution တွေက အဓိကကျတဲ့ နေရာမှာ ရှိနေတာကိုး။ Institution
တွေ တိုးပွားလာအောင် သူတို့ ဘယ် လိုကူညီနိုင်မလဲ။ မကူညီနိုင်သေးဘူးဆိုရင်လည်း ဘယ်လို မျှော်မှန်းထားသလဲ ဆိုတာလောက်ပဲ မေးလို့ရမှာပေါ့”
စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကန်အစိုးရ၏ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ
စေ့စပ် ညှိနှိုင်းရေးမှူးဖြစ်သူ မစ္စတာ ဒဲရစ်ခ်မစ်ချယ်နှင့် တွေ့ဆုံရာတွင်လည်း ယခုကိစ္စကို ထည့်သွင်း ပြောဆိုသွားမည်
ဖြစ်သည်။ ကန်ကိုယ်စားလှယ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများနှင့် စက်တင်ဘာလ ၁၃ ရက်နေ့ နေလယ်ပိုင်း၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အမေရိကန်သံရုံးတွင် တွေ့ဆုံမည် ဖြစ်သည်။
မစ္စတာ မစ်ချဲလ်၏ ယခုခရီးစဉ်နှင့် ပတ်သက်၍ “စစ်မှန်သော ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်
ရေးနှင့် မြန်မာ လူထု၏ တိုးတက်ဖွံ့ဖြိုးမှု ဟူသော တူမျှစွာ လက်ခံထားသည့် ပန်းတိုင်များသို့ ရောက်စေရန် တွေ့ဆုံ
ဆွေးနွေးမှုနှင့် ထိတွေ့မှုများ ဆောင်ရွက်သွားမည်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက စက်တင်ဘာလ ၆ ရက်နေ့ တွင် ကြေညာထားသည်။

NDF အနေဖြင့် ကန် ကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် အမေရိကန် အစိုးရအနေဖြင့် မြန်မာပြည် အပေါ်ထားရှိ
သည့် မူဝါဒ ပြောင်းလဲမှု ရှိ၊ မရှိနှင့် လက်ရှိ လွှတ်တော် နိုင်ငံရေးအပေါ် မည်ကဲ့သို့ ရှုမြင်ကြောင်းကိုလည်း ထည့်သွင်း
မေးမြန်း သွားဟု သိရသည်။
“ခက်တာက လက်ရှိ ပိတ်ဆို့မှုကိစ္စကို ကျော်လွှားပြီးမှသာလျှင် ဒါတွေကို ဖြေနိုင်မယ့် သဘောရှိတော့ကာ လက်ရှိ
မြန်မာနိုင်ငံရဲ့အပေါ်မှာ သူတို့သဘောထားဟာ Policy Shift ပေါ့ဗျာ။ ပေါ်လစီ Shift ဖြစ်နိုင်၊ မဖြစ်နိုင်သလား ဆိုတာကို စမေးရမှာပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု ဆက်လက်ထားရှိကာ တဖက်တွင်လည်း တွေ့ဆုံ
ဆွေးနွေးရေး နည်းလမ်းကို ကျင့်သုံးလျက် ရှိသည်။ စက်တင်ဘာလ ၇ ရက်မှ စတင်ခဲ့သည့် မစ္စတာမစ်ချဲလ်၏ ပထမဆုံးအကြိမ် တပတ်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာအစိုးရ အာဏာပိုင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
တွေ့ဆုံရန် ဖိတ်ကြားခံထားရသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ - တစည ကလည်း ကန် ကိုယ်စားလှယ် သိလိုသည်များကိုသာ အဓိက ဖြေကြားသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အထူးသံတမန် ထားရှိရန်
ပြောဆိုသွားမည်ဟု သိရသည်။
“ကျနော်တို့ နိုင်ငံကတော့ သူတို့နိုင်ငံအတွက် သံအမတ်ကြီး အဆင့်အထိ ပေးပြီးတော့ သံတမန် ဆက်ဆံရေး လုပ်တာပေါ့လေ။ သူတို့ နိုင်ငံအတွက်ကျတဲ့ အခါကျတော့ သံအမတ်ကြီးအဆင့် အထိ ရှိတဲ့ဟာမျိုး၊ ဒီလိုဟာမျိုး
တွေ ကတော့ ပြုပြင်သင့်တယ် ဆိုတဲ့ သဘောမျိုး တင်ပြမယ့် အစီအစဉ် ရှိပါတယ်” ဟု ပါတီပြောခွင့်ရ ဦးဟန်ရွှေ
က မဇ္ဈိမကို ပြောသည်။
မစ္စတာမစ်ချဲလ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ယင်းမှာ သံအမတ်ကြီးအဆင့် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး
ဌာန၏ စက်တင်ဘာလ ၆ ရက်နေ့ ကြေညာချက်တွင် ပါရှိသည်။ အမေရိကန် အစိုးရက ၁၉၉ဝ ခုနှစ်တွင် မြန်မာ
နှင့် သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချထားခဲ့သည်။
ယခုတွေ့ဆုံမှုနှင့် ပတ်သက်၍ ကြိုဆိုကြောင်းနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် တိုးတက်မှု အဖြစ် ထင်မြင်ကြောင်းနှင့် ယခုထက်ပို၍ ပိုမိုရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထား
ကြောင်း တစညက သုံးသပ်သည်။
အခြားဖိတ်ကြားခံရသည့် ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ SNDP မှာမူ တွေ့ဆုံပွဲသို့ တက်ရောက်နိုင်မည် မဟုတ်ဘဲ ပါတီတာဝန်ရှိသူများ လွှတ်တော် တက်နေခြင်းနှင့် ရန်ကုန်ရုံးချုပ်ရှိ ခေါင်းဆောင်များမှာ နယ်ခရီး ထွက်နေခြင်းကြောင့်ဟု စုံစမ်းသိရှိသည်။
မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။
ယင်းအတွေ့အကြုံများနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများသူ မစ္စတာမစ်ချဲလ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။







