ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရေလုပ်သားများ အသက်အာမခံ ရရှိရေး ကြံ့ဖွံ့ အဆိုတင်မည်

ရေလုပ်သားများ အသက်အာမခံ ရရှိရေး ကြံ့ဖွံ့ အဆိုတင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရေလုပ်သားများ အသက် အာမခံချက် ထားရှိခွင့်ရရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး- ကြံ့ဖွံ့ ပါတီ က သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်မည့် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကြံ့ဖွံ့ပါတီ အမတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင် က လွှတ်တော်တွင် အဆိုတရပ်အဖြစ် တင်သွင်းသွားရန် အစီအစဉ်ရှိကြောင်း ပါတီ၏ ဖျာပုံမြို့နယ်အဆင့် တာဝန်ခံ တဦးက ပြောသည်။

 “အခုတင်မှာကတော့ (ရေလုပ်သားတွေ) နိုင်ငံတော်မှာ တရားဝင် အသက်အာမခံကြေး ဆောင်ပြီးတော့ လုပ်ငန်းလုပ်နိုင်ဖို့အတွက် တင်ပြမှာပါ” ဟု ဖျာပုံ ကြံ့ဖွံ့ပါတီရုံး တာဝန်ရှိသူ တဦးက မဇ္ဈိမကိုပြောသည်။

ယခုနှစ် မတ်လအတွင်းက မုတ္တမ ပင်လယ်ကွေ့၌ ရုတ်တရက် ဖြစ် ပေါ်ခဲ့သော လေပြင်း မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း အတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး
စသည့်  မြို့နယ်များမှ ရေလုပ်သားများ ထောင်ပေါင်းများစွာ ပယ်လယ်ထဲ မျောပါခဲ့ပြီး အသေအပျောက် များပြား ခဲ့ရသည်။

လေပြင်းကြောင့် ကျားဖောင် ၃၆၀၀ ခန့် ပျက်စီးဆုံးရှုံးကာ ကျားဖောင်များပေါ်တွင် ပါသည့် ရေလုပ်သား ၁၆၂၆၈
ဦး ပင်လယ်တွင်း မျောပါခဲ့ရတွင် ၅၀၀ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပျောက်ဆုံးသူများ၏ အသက်လျော်ကြေးများကို ကျန်ရစ်သူ မိသားစုများက တောင်းခဲ့ကြ
သော်လည်း မရရှိခဲ့ကြပေ။ အသက်အာမခံသာ ရှိခဲ့ပါက ကျန်ရစ်သူ မိသားစုအနေဖြင့် တစုံတရာ အကျိုးခံစားခွင့် ရရှိမှာ ဖြစ်သည်။

ထို့ကြောင့် အနာဂတ်တွင် ရေလုပ်သားများ အသက်အာမခံချက် ထားရှိနိုင်ရန် လွှတ်တော်သို့ တင်ပြရခြင်း ဖြစ်သည်
ဟု အထက်ပါ ဖျာပုံ ကြံ့ဖွံ့ ပါတီ တာဝန်ရှိသူက ပြောသည်။

ရေလုပ်သမားများ အကျိုးခံစားနိုင်ရေး အပြင် မိုးရာသီအတွင်း လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် ဖျာပုံနှင့် အမာမြို့ ကိုဆက်သွယ်သည့် ကားလမ်း ပြုပြင်ရေးအတွက် အဆိုတခုကိုလည်း ပူးတွဲ တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။

“မိုးရာသီဆိုရင်တော့ဗျာ ရွှံ့ဗွက်တွေ များပြီးတော့ ကားလည်း သွားလို့မရဘူး။ ဆိုင်ကယ်လည်း သွားလို့မရဘူး။ ဆက်သွယ်ရေး ပြတ်တောက်တဲ့ အနေအထားပေါ့ဗျာ။ အဲဒါတွေကို ပြင်လိုက်မယ် ဆိုလို့ရှိရင် ဖျာပုံ - အမာလမ်းက သုံးရာသီလုံး သွားလို့ ရမှာပေါ့။ အဲဒီ့အတွက်ကြောင့် တင်တာပါ” ဟု သူက ပြောသည်။

ယင်းအဆို ၂ ရပ်စလုံးကို ဖျာပုံ ပြည်သူ့လွှတ်တော် အမတ် ဦးစိုးနိုင် က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသွားမည် ဖြစ်သည်။

ဦးစိုးနိုင် (ဗိုလ်ချုပ်ဟောင်း) သည် ရွေးကောက်ပွဲကာလတွင် ဖျာပုံမြို့နယ်မှ အနိုင်ရှိပြီး အမတ်ဖြစ်လာခဲ့သည်။ သူသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၁ ခုနှစ်က ပြန်လည်ဖွဲ့စည်း ထားသည့် ဗဟို အလုပ်အမှုဆောင် ၁၇ ဦး အဖွဲ့တွင် ပါဝင်သူဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီက ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ က အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး အဖြစ် တာဝန်ယူစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် ဒီပဲယင်း လုပ်ကြံမှုကြီး၌  ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ၊ ကွယ်လွန်လေပြီးသော ဗိုလ်ချုပ်ကြီး စိုးဝင်း တို့၏ အဆင့်ဆင့် ညွန်ကြားမှုကို အဓိက အကောင်ထည်ဖေါ် လုပ်ဆောင်ခဲ့သူဟု အတိုက်အခံများက ပြောသည်။။

ဖျာပုံရှိ ကြံ့ဖွံ့ပါတီ လှုပ်ရှားမှု အနေဖြင့် ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ဒေသခံပြည်သူများကို မျက်စိဝေဒနာ ကုသပေးခြင်း၊ မူလတန်းနှင့် အလယ်တန်းကျောင်း အချို့ ဖွင့်လှစ်ပေးခြင်း၊ အစိုးရ သမဝါယမ အသင်း နှင့် ပူးပေါင်းကာ ချေးငွေများ ထုတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု အဆိုပါ ပါတီတာဝန်ခံက ပြောသည်။

ကြံ့ဖွံ့ပါတီသည် လာမည့် လွှတ်တော် အစည်းအဝေးများတွင် အဆိုပြုမှုပေါင်း ၁၀၀ ခန့် လုပ်မည်ဟု ပါတီ သတင်းရပ်ကွက် တခုက ပြောသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1119 guests and 1 member online