နယူးဒေလီ (မဇ္ဈိမ) ။ ။ ၃၇ ပါတီကိုသာမက ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခဲ့သည့် မြို့နယ်နှင့် ရပ်ကွက်
ကော်မရှင်အဆင့်ဆင့်အား ပိုမိုရှင်းပြသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းမည်ဟု ၂ဝ၁၁
ရွေးကောက်ပွဲဝင် ၃၇ ပါတီအား ဇူလိုင် ၂၇ ရက်တွင် နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီးနောက် ဦးသုဝေက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“ဖိတ်စာထဲမှာတော့ ဥပဒေတွေ၊ နည်းဥပဒေတွေ ရှင်းပြမယ်ပြောတာကိုး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်း ကတော့
အဲဒီ ဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်တာက ရွေးကောက်ပွဲ
ကော်မရှင်နဲ့ သူတို့အစိုးရ အရာရှိတွေ ဖြစ်နေတယ်ဗျ။ အမှန်အတိုင်း ပြောရရင် ဒီဥပဒေတွေ၊ နည်းဥပဒေတွေကို အဆင့်ဆင့် ကော်မရှင် တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေ၊
ရပ်ကွက်တွေက အရာရှိတွေကို ရှင်းပြဖို့တောင် ပိုကောင်းတယ်”
ဟု သူက မဇ္ဈိမကို ပြောသည်။
အဆိုပါ ဥပဒေနှင့် နည်းဥပဒေများကို ၂ဝ၁ဝ မတ်လဆန်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရေးပါတီ
များအား ခေါ်ယူရှင်းလင်းခြင်း ဖြစ်သည်။ တပါတီလျှင် ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တက်ရောက်ရန် ဖိတ်ကြားသည်။
ကော်မရှင် ဖိတ်ကြားမှုအပြီး ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ခုက ကြာသပတေးနေ့တွင် ရန်ကုန်၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ၊ ၎င်းတို့ တင်ပြဆွေးနွေးမည့် ကိစ္စများနှင့် ပတ်သက်၍ ဦးသုဝေက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ချို့ယွင်းချက်တွေကို စုစည်းပြီး ပြန်တင်ပြမှာပေါ့။ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒါတွေကို ပြုပြင်ထိန်းသိမ်းပေးပါ။ ဥပဒေအတိုင်း လုပ်ပါဆိုတာတွေ တင်ပြမှာပေါ့” ဟု ပြောသည်။
၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲများတွင် မတရားမှုများ များပြားလှသော်လည်း ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသည့် အမှုပေါင်းမှာ ၃ဝ သာ ရှိခဲ့သည်။ ၎င်းတို့အနက် အာဏာရ ကြံ့ဖွံ့ပါတီက တိုင်ကြားခဲ့သည့်
အမှုမှာ ၂၇ မှု ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ‘ဒီမိုကရေစီမိတ်ဆွေများ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ကော်မတီ’
အမည်ဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုများ NDF ၊ DPM ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီ ၁ဝ ပါတီက စုဖွဲ့ထားကာ မဲဆန္ဒနယ်
၎ဝ တွင် ဝင်ပြိုင်ရန် ဇူလိုင် ၁၈ ရက်တွင် စာရင်းသွင်းခဲ့သည်။
ဇူလိုင် ၂၇ ရက် ကော်မရှင်နှင့် အစည်းအဝေးတွင် ၎င်းတို့ ပါတီများ၏ သဘောထားများ တင်ပြခွင့်ရမရ မသေချာသေးပေ။ အကယ်၍ ၁ဝ ပါတီကိုယ်စား ပြောခွင့်ရပါက ဦးသုဝေနှင့် NDF မှ တဦးဦး ဖြစ်နိုင်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂ဝ၁၁ ဖေဖော်ဝါရီ ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
သမ္မတ ဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ရာမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာသည်။
မကြာမီက အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှာ မှတ်ပုံတင် မကျသေး၍ ဖိတ်ကြားခြင်း မခံရပေ။







