ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်စုဘီဘီစီမှ ပြောမည်

သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်စုဘီဘီစီမှ ပြောမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သဘောထား ကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဟောပြောချက် နှစ်ရပ်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်မှ ဇွန်လ ၂၈ ရက်နေ့တွင်
 ဟောပြောမည်ဖြစ်သည်။

ဘီဘီစီ၏ အဆိုအရ ယင်းသည် လွန်ခဲ့သောနှစ်အတွင်း ဖြစ်ပွါးခဲ့သော ကမ္ဘာ့ အရေးအခင်းများကို
 ပေါ်လွင်ထင်ဟပ်စေသည့် “လွတ်လပ်ရေးကို ရယူခြင်း” ဆိုသည့် ပိုမိုကျယ်ပျံ့သော အစီအစဉ်၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ထုတ်လွှင့်သည့် ရိသ် ဟောပြောချက်များ (Reith Lectures) ၂ဝ၁၁ ခုနှစ် အစီအစဉ်၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ်နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိနေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ဘီဘီစီ ပရိသတ်တဦးလည်း ဖြစ်သည်။ “ကျမ နေအိမ်မှာ အကျယ်ချုပ် ကျနေတုန်းက ကျမကို စကားပြောနေတာ ဘီဘီစီပါပဲ၊ ဒီတော့ ကျမလဲနားထောင်နေတာပေါ့” ဟု သူက ဘီဘီစီကို ပြောခဲ့သည်။

သောကြာနေ့က ဘီဘီစီ၏ ထုတ်ဖော် ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဟောပြောချက်သည် ဒီမိုကရေစီရေးအတွက် လှုပ်ရှား တိုက်ပွဲဝင်နေရာမှ သူရရှိခဲ့သော အတွေ့အကြုံများကို အခြေခံ ပြောကြားမည်ဖြစ်ကာ သဘောထား ကွဲလွဲမှုအပေါ် သူ၏ အယူအဆနှင့် သဘောပေါက်မှုတို့ကို စူးစမ်းလေ့လာ တင်ပြသွားမည် ဖြစ်သည်။

ဒုတိယဟောပြောချက်တွင်မူ ဒီမိုကရေစီအပေါ် အယူအဆ သဘောထား၊ အာဏာရှင် နိုင်ငံများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်ရှိမှု စသည်တို့ကို မကြာသေးမီကဖြစ်ခဲ့သော အရှေ့အလယ်ပိုင်း အရေးခင်းများကို ရည်ညွှန်းကိုးကား ပြောဆိုမည် ဖြစ်သည်။

အဆိုပါ ဟောပြောချက်များ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှ သူလျှို အဖွဲ့အစည်း အကြီးအကဲဟောင်းနှင့် စင်မြင့်ပေါ်တွင် အတူရှိနေမည် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဖြစ်ခဲ့သော ၉⁄၁၁ တိုက်ခိုက်မှုကြီး ၁ဝ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုအဖြစ်အပျက်အပေါ် သူမ၏ သီးသန့်အမြင်ရှု့ထောင့်၊ ကမ္ဘာ လုံးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ၊ ဂယက်ရိုက်ခတ်မှုများ စသည်တို့ကို ဗြိတိသျှ သူလျှိုအဖွဲ့ အကြီးအကဲ အီလိုင်ဇာမက်နင်ဂမ်ဘူးလား (Eliza Manningham-Buller) က ဟောပြောမည်
 ဖြစ်သည်။

လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ လွတ်လပ်မှုအပေါ် ခြိမ်းခြောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ချက်များ၊ အဆိုပါ ခြိမ်းခြောက်မှုများကို ပြန်လည် တုံ့ပြန်နိုင်မည့် နည်းလမ်း စသည်တို့ကိုလည်း ထည့်သွင်း ဟောပြောသွားမည်။

အီလိုင်ဇာမက်နင်ဂမ်ဘူးလား သည် ဗြိတိသျှ လုံခြုံရေး အဖွဲ့အစည်းဖြစ်သော MI5 ၏ ညွှန်ကြားရေးမှုးချုပ်အဖြစ် ၂ဝဝ၂ ခုနှစ်အောက်တိုဘာလမှ ၂ဝဝ၇ ခုနှစ်ဧပြီလ အနားယူချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရိသ် ဟောပြောချက်များမှာ သာမန်အားဖြင့် ပရိသတ်ရှေ့တွင် လူကိုယ်တိုင် ဟောပြောရခြင်း ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်ကိုမူ ယခုအပတ်အတွင်း မြန်မာပြည်သို့ လာရောက်၍ ကြိုတင်ရိုက် ကူးထားမည် ဖြစ်သည်။

အဆိုပါ ရိသ် ဟောပြောချက်များကို “အတွေးအခေါ်ကို လှုံ့ဆော်ပေးခြင်းနှင့် အသိဉာဏ်ကို ဖြည့်ဆည်းပေးခြင်း” တို့အတွက် စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ဘီဘီစီ ၏ ပထမဆုံး ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ လော့ဒ်ရိသ်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ အမည်ပေးထားခြင်း ဖြစ်သည်။ ပထမဆုံး ဟောပြောမှုများကို ဤအစီအစဉ်မှ ၁၉၄၈ ခုနှစ်အတွင်း စတင်ထုတ်လွှင့်ခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1103 guests and 1 member online