နယူးဒေလီ (မဇ္ဈိမ) ။ ။ သင်တန်းပို့ချမည့် နိုင်ငံခြားသား ပါမောက္ခများ မအားလပ်သဖြင့်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုရုံးချုပ်တွင် ပြုလုပ်မည့် ပါတီလူငယ်လူကြီး အရည်အသွေး မြှင့်တင်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးသိပ္ပံ သင်တန်းကို ရက်ရွှေ့ဆိုင်းလိုက်ပြီဟု NLD က ပြောသည်။
ဇွန်လ ၂ဝ ရက်မှ ၂၈ ရက်နေ့အထိ ၉ ရက်ကြာ သင်တန်းရက် သတ်မှတ်ခဲ့ပြီး ဟောင်ကောင် စီးတီးတက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာရေးရာဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင် အပါအဝင် စင်္ကာပူ အမျိုးသားတက္ကသိုလ် NUS နှင့် အရှေ့တောင်အာရှ လေ့လာရေးကျောင်းမှ ပါမောက္ခများ ပထမဆုံးအကြိမ် လာရောက်ပို့ချရန် စီစဉ်ထားသည်။
“ပါမောက္ခများကလည်း သူတို့ရဲ့ သင်ကြားရေးဆိုင်ရာ အစည်းအဝေးတွေ ဒီရက်ထဲမှာ ရုတ်တရက် ပေါ်လာလို့တဲ့။ ဒီအစည်းအဝေးတွေနဲ့မို့လို့ သူတို့ တက္ကသိုလ်တွေကနေ အပြင်ကို သိပ်မသွားချင်သေးဘူးတဲ့။ အဲဒီလို ပြောတယ်။ ဒီ ဇွန်ထဲမှာပေါ့ဗျာ။ အဲဒီဟာလည်း ကျနော်တို့ဆီကို ရောက်လာပါတယ်” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
ထို့အပြင် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲနှင့် ဂီတပွဲ ကျင်းပရန် ပါတီတွင်း ပြင်ဆင်နေခြင်း၊ သင်တန်း၌ ဘာသာပြန်ပေးမည့် ပါတီတာဝန်ရှိသူများ မအားလပ်ခြင်းကြောင့်လည်း
ဖြစ်သည်ဟု ဆိုသည်။
သင်တန်း ပြန်ဖွင့်မည့်ရက်ကို သိရပါက အကြောင်းကြားမည့် အကြောင်း NLD ဗဟိုက ပြည်နယ်နှင့် တိုင်း တာဝန်ရှိများထံ ကြာသပတေးနေ့တွင် စာပို့ကာ အသိပေးလိုက်သည်။ သင်တန်းသားများမှာ ပါတီဝင် လူငယ်လူကြီး စုစုပေါင်း ၈၀ ကျော် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသော အဖွဲ့ဟု လူသိများသော Myanmar Egress မှ ညွှန်ကြားရေးမှူးတဦး
ဖြစ်သော ဒေါက်တာကျော်ရင်လှိုင် ပါဝင်သင်ကြားမည်ဆိုသော သတင်းက ပါတီတွင်းနှင့် ပါတီပြင်ပ အတိုက်အခံများ အတွင်း ဆွေးနွေးစရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။
သင်ကြားမည့် ဘာသာရပ်များမှာ Research Method (သုတေသနပြု လုပ်ငန်းလုပ်ဟန်များ)၊ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ၊ ဥပဒေနည်းကျ တွေးခေါ်မြော်မြင်ပုံ၊ အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ သီအိုရီများ၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ) နှင့် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) တို့ ဖြစ်သည်။
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ် အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ပါတီဝင်များ ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ သတင်းစာ သင်တန်းများ ပြုလုပ်ခဲ့သလို၊ လယ်သမားများအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ် သင်တန်းဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများအတွက်ပါ သင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။







