ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရန်ကုန်မြို့နေများ ၁၁.၈ ရာခိုင်နှုန်း ဆီးချိုတွေ့

ရန်ကုန်မြို့နေများ ၁၁.၈ ရာခိုင်နှုန်း ဆီးချိုတွေ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့နေလူထုတွင် ၁၁.၈ ရာခိုင်နှုန်းနှင့် တောနေလူထု ၇.၃ ရာခိုင်နှုန်းတွင် ဆီးချိုရောဂါ တွေ့ရကြောင်း မြန်မာနှင့် ကုလသမဂ္ဂ ကျန်းမာရေး အဖွဲ့များ ပူးတွဲ စစ်တမ်းတခုအရ သိရသည်။
 
ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆီးချိုထိန်းချုပ်ရေး စီမံချက် (မြန်မာပြည်အောက်ပိုင်း) အဖွဲ့နှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ၂ဝဝ၃ ခုနှစ်ထဲတွင် ရန်ကုန်မြို့ပေါ်နှင့် လှည်းကူးမြို့နယ်တွင်းရှိ လူ ၅ဝဝဝ ထံမှ ပူးတွဲစစ်တမ်း
 ကောက်ခဲ့ရာ၊ ရန်ကုန်မြို့ပေါ် စာရင်းများကို မြို့နေလူထုအဖြစ် လည်းကောင်း၊ လှည်းကူးမြို့နယ်အတွင်း
 ကောက်ယူခဲ့သည့် စာရင်းများကိုမူ တောနေလူထုအဖြစ် လည်းကောင်း သတ်မှတ်ထားခြင်း ဖြစ်သည်။
 
‘‘အခုချိန်အထိတော့ ဒီစစ်တမ်းကိုပဲ အတည်ယူနေရတာ ဖြစ်တယ်။ ဒီ့ထက်ခိုင်မာတဲ့ စစ်တမ်း ထပ်မကောက်
 နိုင်သေးပါဘူး’’ ဟု ဆီးချိုထိန်းချုပ်ရေး စီမံချက် (မြန်မာပြည်အောက်ပိုင်း) အဖွဲ့မှ ဒေါက်တာကိုကိုက မဇ္ဈိမကို
 ပြောသည်။
 
မန္တလေးတက္ကသိုလ် ဆေးပညာ ပါမောက္ခဟောင်း ဒေါက်တာဒေါ်မြင့်မြင့်ခင် ရေးသားပြုစုကာ ၂ဝ၁၁ ခုနှစ် မေလ အတွင်း ထုတ်ဝေသည့် ‘ဆီးချိုရောဂါနှင့် အစားအစာ’ စာအုပ်ထဲ၌ အဆိုပါ စစ်တမ်း ကောက်ခံမှုအကြောင်း
 ဖော်ပြထားရာမှ အောက်မြန်မာပြည် ဆီးချိုအခြေအနေကို ပထမဦးဆုံး စတင်သိရှိရခြင်း ဖြစ်သည်။
 
အသက် ၈၇ နှစ်အရွယ်ရှိ ဒေါက်တာဒေါ်မြင့်မြင့်ခင်မှာ မြန်မာနိုင်ငံ ဆရာဝန်အသင်း အမှုဆောင်ဝင်ဖြစ်ပြီး၊ သက်ကြီးဆရာဝန်များ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ကိုယ်တိုင်လည်း လွန်ခဲ့သည့် ၁၆ နှစ်ခန့် ကတည်းက ဆီးချိုစွဲကပ်လာခဲ့သည်။
 
မြို့နေလူထုမှာ တောနေလူထုထက် ဆီးချို အဖြစ်များရခြင်းနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆက်သွယ်ရေး တာဝန်ခံ ဒေါက်တာရာဇာမင်းထူးက “မြို့မှာ စားရတဲ့ဟာတွေက အော်ဂဲနစ်ပစ္စည်း မဟုတ်တာတွေ များတယ်။ ဆီမသန့်တာတွေ။ မြို့မှာက အလွယ်စားသုံးနိုင်တဲ့ fast food သဘောမျိုး စားရတာကိုး။ နေ့စဉ်
 လေ့ကျင့်ခန်းကလည်း နည်းတယ်။ စိတ်ဖိစီးမှု stress ကလည်း များတယ်။ တောနေလူထုနဲ့ စာရင်တော့ မြို့နေလူထုက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။
 
မြန်မာနိုင်ငံရှိ အသက် ၇ဝ ကျော် ဆရာဝန်ကြီးများအား နှစ်စဉ် ဆေးစစ်ဆေးမှု ပြုလုပ်ရာ၌လည်း ၂ဝ၁ဝ ခုနှစ်ထဲတွင် ဆရာဝန်ကြီး ၅၃၂ ကျော်အနက် ၁၃ ဒဿမ ၅ ရာခိုင်နှုန်း (လူဦးရေအားဖြင့် ၇၂ ဦးခန့်) မှာ ဆီးချိုရှိကြောင်း
 မြန်မာနိုင်ငံ ဆရာဝန်များအသင်း စာရင်းအင်းများအရ သိရသည်။
 
ကမ္ဘာတဝှမ်းတွင်မူ နှစ်စဉ် လူ ၃.၂ သန်းမှာ ဆီးချိုရောဂါကြောင့် သေဆုံးနေပြီး မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲ
 နိုင်ငံများတွင် ရောဂါဖြစ်နှုန်း ပိုမိုမြင့်တက်လာကြောင်း WHO အား ကိုးကား၍ ဒေါက်တာဒေါ်မြင့်မြင့်ခင်၏ ‘ဆီးချိုရောဂါနှင့် အစားအစာ’ စာအုပ်ထဲတွင် ရေးသားထားသည်။
 
အထူးကုဆရာဝန်ကြီး ဒေါက်တာဦးတင့်ဆွေလတ်က ‘ဆီးချို သွေးချိုရောဂါအကြောင်း’ စာအုပ်ထဲတွင်လည်း “ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နှုန်း ဘာ့ကြောင့် များရလဲဆိုတော့ နံပါတ်တစ်က မြို့ပြဖွံ့ဖြိုးလာအောင် ကြိုးစားကြလို့ စက်မှုဇုန်တွေ ထူထောင်ကြတယ်။ အဲဒါကြောင့် ပိုများလာတယ်လို့ တချို့သော ဆေးပညာရှင်တွေက သုံးသပ်ကြပါတယ်” ဟု ပြောထားသည်။  မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်သော ဆီးချိုရောဂါမှာ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အချို လွန်ကဲစွာ စားသုံးခြင်းတို့ကြောင့်ပါ ဖြစ်စေနိုင်သည်ဟု ဆိုသည်။
 
“ငွေကုန်ကြေးကျအနေနှင့်လည်း ပြောရလျှင် ဆီးချိုရောဂါမှာ ကုသရာတွင် ဈေးအကြီးဆုံး ရောဂါဖြစ်သည်။ ဒါကြောင့်မို့လည်း သူဋ္ဌေးရောဂါဟု ဆိုစမှတ် ရှိခဲ့ပါသည်” ဟု ဆီးချိုရောဂါနှင့်အစားအစာ စာအုပ်တွင် ဖော်ပြပါရှိသည်။
 
“ထပ်ဆင့်ဖြစ်လာတဲ့ ထွေပြားမှုကတော့ တကိုယ်လုံးမှာ ရှိတာပေါ့။ မျက်စိဆိုလည်း မျက်စိမှုန်သွားနိုင်တာပေါ့။ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ထိတာပဲ။ အရေးပေါ် အခြေအနေရောက်ပြီး ကိုမာ Coma လို ဖြစ်ပြီး
 သေသွားနိုင်တယ်” ဟု ဒေါက်တာရာဇာထူးက ပြောသည်။ ဆီးချိုကို လုံးဝပျောက်အောင် မကုနိုင်သေးဘဲ ပိုမိုမဆိုးဝါးစေရန် ထိန်းထားဖို့သာ တတ်နိုင်သည်ဟု ဆိုသည်။
 
ကုသရေးနှင့် ပတ်သက်၍ သူက “ရောဂါ အခြေအနေပေါ်လည်း မူတည်တာပေါ့။ ဆေးရုံမှာကျ အရေးပေါ်အခြေအနေ emergency condition ကျမှ ကုတာ များတယ်။ ဒီတိုင်းဆိုရင်တော့ အိမ်မှာပဲ ဆရာဝန်နဲ့ပြပြီး ဆေးစားကုတာပေါ့” ဟုလည်း ပြောသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1094 guests and 1 member online