ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင်း၌ အကျဉ်းသား ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုနေသည့် နိုင်ငံရေး အကျဉ်းသားအချို့ ထောင်ပြောင်းခံရဖွယ် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
မေလ ၂၂ နေ့မှစ၍ ဆန္ဒပြခဲ့ပြီး ဒုတိယနေ့တွင် အင်းစိန်ထောင် အာဏာပိုင်များက အစာငတ်ခံ ဆန္ဒပြကြသည့်
နိုင်ငံရေး အကျဉ်းသား ၁၇ ဦးအနက်မှ ၉ ဦးအား စစ်ခွေးတိုက်သို့ ပို့ဆောင်ခဲ့ပြီး ကျန်လူများကို အထုပ်အပိုးများ
ပြင်ဆင်ခိုင်းထားသည်ဟု ဆိုသည်။
အလားတူပင် ထောင်ခန်းအတွင်းမှ အပြင်မထွက်ဘဲ
ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသား ၅ ဦးမှာလည်းထောင်ပြောင်းခံရမည့် အထဲတွင် ပါဝင်နေသည်ဟု ဦးတိတ်နိုင်ကပင် ပြောသည်။ ထိုသူများသည် ထောင်ဒဏ် ၃ နှစ်မှ ၅၇ နှစ်အတွင်း ကျခံနေရသူများ ဖြစ်သည်ဟု ဆိုသည်။
သန့်ရှင်းသော အစားအသောက် ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ စာပေနှင့် ဘာသာစကား
လေ့လာခွင့်ပြုရေး အပါအဝင် တောင်းဆိုချက် ၆ ခုကို ဆန္ဒပြသူ အကျဉ်းသားများက တောင်းဆိုထားသည်။
ထို့အတူ မေလ ၁၇ ရက်နေ့မှစ၍ အင်းစိန်ထောင် အမှတ် ၇ အဆောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၄ ဦး အပါအဝင် အမျိုးသမီး ၇ ဦးလည်း တပတ်ကြာ သတ်မှတ်ဆန္ဒပြခဲ့မှုသည် ယနေ့ပြီးဆုံးရက် ဖြစ်သည်။
သို့သော် ထောင်တွင်းဆန္ဒပြသတင်းများ ပြည်ပမီဒီယာတွင် ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပိုင်များက ထောင်တွင်း လုံခြုံရေးကို တင်းကျပ်လိုက်ရာ သတင်းပြတ်တောက်မှု ဖြစ်နေသည်ဟု ယုံကြည်ရသည်။







