ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ILO ညွှန်မှူးများနှင့် လူ့အခွင့်အရေးသမားများ ရန်ကုန်တွင် ဆွေးနွေးရန်ရှိ

ILO ညွှန်မှူးများနှင့် လူ့အခွင့်အရေးသမားများ ရန်ကုန်တွင် ဆွေးနွေးရန်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)  အလုပ်ခွင်နှင့် အလုပ်သမားများ စံညွှန်း၊ အခြေခံစည်းမျဉ်းနှင့် အခွင့်အရေးဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ Guy Ryder နှင့် လူ့အခွင့်အရေးဆောင်ရွက်သူများ မနက်ဖြန် ရန်ကုန်၌ ဆွေးနွေးကြမည်ဟု တက်ရောက်ခွင့်ရသူ ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။

မစ္စတာ ဂိုင်းရိုက်ဒါ Guy Ryder နှင့်အတူ  ILO အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကာရီတာပီအိုလာ (Kari Tapiola) တို့် မနေ့က ရန်ကုန်ရောက်သည်။

ဦးအောင်သိန်းက “မနက်ဖြန် ၃ နာရီ ILO ရုံး Trader ဟိုတယ်မှာ၊ aggလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တော်တော်များများကို ဖိတ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပြောမှာပဲလေ။ ကျနော်တို့ကလဲ ဒီဘက်မှာ လူ့အခွင့်အရေးချိုး ဖောက်ခံရတဲ့ ကိစ္စတွေရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွက် အခမဲ့ ဥပဒေ အကျိုးဆောင်ပေးနေသူဖြစ်ပြီး စစ်အစိုးရက ရှေ့နေလိုင်စင် ရုပ်သိမ်းထားသူ ဖြစ်သည်။ 

ILO ခရီးစဉ်၏ အဓိကရည်ရွယ်ချက်သည် ရန်ကုန်တွင် ၂ဝဝ၂ ခုမှ စ၍ ဖွင့်ခွင့်ရခဲ့သော ILO ဌာနေ ကိုယ်စားလှယ်ရုံး ဆက်ဖွင့်ခွင့်နှင့် လုပ်ငန်းများလုပ်ဆောင်နိုင်ခွင့် သက်တမ်း တနှစ် ထပ်တိုးရန်ဟု ကလေးစစ်သားနှင့် အဓမ္မခိုင်းစေခံရသူများ ကို ကူညီနေသော ပဲခူးလမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့်က မဇ္ဈိမကို ပြောသည်။ 

နောက်ပိုင်း၌ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူများ ရန်ကုန် ILO ရုံးမှတဆင့် တိုင်ကြားနိုင်သည့် အစီအစဉ်များ၊ တိုင်ကြားသူများနှင့် တိုင်ကြားရာတွင် အကူအညီပေးသူများကို မနှောင့်ယှက်နိုင်ရန်၊ အန္တရာယ်မပေးရန် အစီအစဉ်များ ပါဝင်သည့် နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို သဘောတူညီခဲ့သည်။ 

နောက်ဆုံး သက်တမ်းတိုးခြင်းကို အလုပ်သမားဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်နှင့် မစ္စတာ ကာရီတာပီအိုလာတို့ မနှစ်က နေပြည်တော်၌ လက်မှတ်ထိုးခဲ့ကြပြီး ယခုလ ၂၅ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) မြန်မာနိုင်ငံဌာနေတာဝန်ခံ မစ္စတာ စတိမာရှယ် (Steve Marshall) နှင့်အဖွဲ့ ခရီးထွက်နေပြီး မနက်ဖြန် မွန်းလွဲပိုင်းမှ ပြန်ရောက်မည်ဟု ရန်ကုန် ILO ရုံးက ဆိုသည်။

“၂၃-၂၄ တရက်ရက်မှာ နောက်ထပ်တနှစ် စာချုပ်ချုပ်ဖို့ သွားကြမယ်လို့ သိထားတယ်” ဟု ဦးအေးမြင့်က ပြောသည်။ သူ့ကို ခန့်မှန်းခြေ ၂၆ ရက်နေ့မှ တွေ့မည်အကြောင်းကြားထားကြောင်း ဆိုသည်။

မစ္စတာ ကာရီတာပီအိုလာ၏ ယမန်နှစ်ခရီးစဉ်အတွင်း ဦးအေးမြင့်၊ ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်း၊ ကလေးစစ်သားအရေး ဆောင်ရွက်နေသည့် ရန်ကုန်မှ ဦးသက်ဝေအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူ ၃ဝ ကျော်နှင့် ဆွေးနွေးခဲ့သေးသည်။

ယခုတကြိမ် ဆွေးနွေးခွင့်ရလျှင် ၁၈ နှစ်အောက် ကလေးစစ်သားများကို ချက်ချင်း ပြန်ထုတ်ပေးရန်နှင့် အထက်အရာရှိများက လက်မှတ်ထိုးပေးသော်လည်း အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက အချိန်ဆွဲသဖြင့် အစောဆုံး ၂ လ -၃ လကြာကာ တချို့ကလေးများ ပြန်လွတ်ရန် တနှစ်ကျော်ထိ စောင့်ရမှုများကို တင်ပြမည်ဟု ဦးအေးမြင့်ကပြောသည်။

ILO အမှုဆောင်ညွှန်ကြားရေးမှူးများ၏ ခရီးစဉ်၌ ကလေးစစ်သား၊ အဓမ္မခိုင်းစေမှု ကိစ္စများကိုသာ အဓိက ဆွေးနွေးဖွယ်ရှိပြီး အသင်းအပင်းဖွဲ့စည်းခွင့်ကိုမူ နောက်တက်မည့် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ယခင်က ပြောထားပြီဖြစ်ကြောင်း ဦးအောင်သိန်းကဆိုသည်။

ယခင်လ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ပထမဆုံးအကြိမ် ကြားနာပွဲတွင် ကုလအဖွဲ့ဝင် နိုင်ငံ ၇ဝ ကျော် မှ တင်သွင်းသည့် အကြံပြုချက်အများစုကို စစ်အစိုးရကိုယ်စား ဒုရှေ့နေချုပ် ဒေါက်တာထွန်းရှင် က ဦးဆောင် ငြင်းဆိုခဲ့သည်။

ယင်းအစည်းအဝေးတွင် လူ့အခွင့်အရေးကိစ္စများကို တိုးတက်စေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ILO နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းတိုက်တွန်းမှုများ ရှိခဲ့သည်။

အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းထားပြီး ကလေးစစ်သား ၄၄ဝ ကို အိမ် ပြန်ပို့နိုင်ခဲ့ကြောင်း တုန့်ပြန်သည်ဟု အစည်းအဝေးတက်ခဲ့သူ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မဇ္ဈိမကို ပြောခဲ့သည်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကမူ မြန်မာတပ်မတော်အတွင်း၌ ကလေးစစ်သား ၆ဝ,ဝဝဝ ရှိပြီး အခြားလက်နက်ကိုင်အဖွဲ့များတွင် ၆,ဝဝဝ ခန့်ရှိသည်ဟု ခန့်မှန်းဆဲဖြစ်ကြောင်း သိရသည်။ 

စစ်အစိုးရက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီကို ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ဖွဲ့စည်းပြီး အသိပညာပေး သင်တန်းများ မကြာခဏပေးကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1001 guests and 1 member online