ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အရပ်သားကို ရဲက လက်ထိပ်ခတ် ရိုက်နှက်

အရပ်သားကို ရဲက လက်ထိပ်ခတ် ရိုက်နှက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(မဇ္ဈိမ) ။        ။ ဘုရားပွဲ၌ အရပ်သားကို ရဲနှစ်ဦးက လက်ထိပ်ခတ်၍ ရိုက်နှက်သဖြင့် အရပ်သားများက ဝိုင်းလိုက်ရာ ရဲများ ထွက်ပြေးတိမ်းရှောင်ရသည့် ဖြစ်ရပ်တခု စနေနေ့မနက်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မိုးကောင်းဘုရား ပွဲတော်အတွင်း ဖြစ်ပွားခဲ့သည်။

မနက် ၁ နာရီခွဲခန့်တွင် မှော်အေးကျေးရွာနေ ကိုသာဗျောနှင့် ရွာရဲကင်းမှ ရဲတပ်သား ချမ်းသာနှင့် ဇင်မင်းလတ်တို့ စကားများရာမှ ကိုသာဗျောကို လူမြင်ကွင်းတွင် လက်ထိပ်ခတ်၍ ရိုက်နှက်သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများက ဝိုင်းဝန်းရိုက်နှက်မည်ပြု၍ ရဲနှစ်ဦး ထွက်ပြေးသွားခြင်း ဖြစ်သည်။

“ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူအုပ်ကြီးက ထိန်းမရတော့ဘူး၊ မတရားလုပ်တယ်ဆိုပြီး မခံနိုင်လို့ ဝိုင်းလိုက်ကြတာ လူ ရာနဲ့ချီမယ် ထင်တယ်။ တုတ်တွေ၊ ဓားတွေနဲ့ အဲဒီရဲနှစ်ယောက်နောက်ကို လိုက်ကြတာ မိန်းမတွေတောင် ပါတယ်” ဟု မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

ပွဲကြည့်နေရာမှ မိခင်ဖြစ်သူ ဒေါ်မချိုက လက်နှိပ်ဓာတ်မီးယူခိုင်း၍ သွားရောက်ယူဆောင်သည့် ကိုသာဗျောသည် ပွဲခင်းအပြင်ဘက် ကိုကြီးကျော် လက်ဖက်ရည်ဆိုင်ရှိ ရဲနှစ်ဦးနှင့် အချင်းများရာမှ ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည်။

လူအုပ်ကြီးကို ကြောက်လန့်သဖြင့် ရဲနှစ်ဦးက ယင်းတို့နှင့် ရင်းနှီးသည့် သူ့ထံ လက်ထိပ်သော့ ပေးခဲ့ပြီး ထွက်ပြေးကြောင်းနှင့် ခေါင်းမှသွေးများ  စီးကျနေသည့် ကိုသာဗျောမှာ လက်ထိပ်ဖြုတ်ပေးပြီးနောက် သတိလစ်သွား၍ ညတွင်းချင်း လက်ပံတန်းဆေးရုံသို့ ပို့လိုက်ကြောင်း သက်သေတဦးဖြစ်သူ ကိုအောင်မြင့်ကြည်ဆိုသူက ပြောသည်။

မိုးကောင်းဘုရားပွဲတော် ကျင်းပသည့် နေရာသည် လက်ပံတန်းမြို့မှ ၄မိုင်ခန့် ကွာဝေးသည့် တောစပ်တွင် ဖြစ်သည်။

အဆိုပါ ရဲနှစ်ဦးကို လက်ပံတန်း ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် ရဲဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် မယက တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောဆိုသည်။

လက်ပံတန်း မြို့နယ်ရဲစခန်းမှ တာဝန်ကျအရာရှိကလည်း “ဟုတ်ပါတယ်၊ ကျနော်တို့ဆီမှာပဲ ချုပ်ထားပါတယ်။ လူကြီးတွေ ဘယ်လိုအရေးယူမလဲ မသိသေးဘူးခင်ဗျ။ ကျနော်က အခုမှ တာဝန်ကျတော့ ပြောပိုင်ခွင့် မရှိလို့ပါ” ဟု မဇ္ဈိမကို ပြောပြသည်။

ရဲနှစ်ဦးနှင့် ရင်းနှီးသူလည်းဖြစ်၊ သော့ကိုယူ၍ လက်ထိပ်ဖြုတ်ပေးခဲ့သူ ကိုအောင်မြင့်ကြည်က အခင်းဖြစ်ချိန်၌ ရဲနှစ်ဦးမှာ မူးနေသည်ဟု ဆိုသည်။

“အဲဒီအချိန်က သူတို့နှစ်ယောက်လုံးက အတော့်ကို မူးနေတယ်။ သူတို့က အပွင့်တွေအရစ်တွေ မရှိပါဘူး။ ရိုးရိုး ရဲတပ်သားတွေပဲ” ဟု သူက ပြောသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1006 guests and 1 member online