နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခြင်း နှစ် ၁ဝဝ ပြည့် အကြိုအဖြစ် ကိုယ်တိုင်ရေးသာမက စာရေးဆရာကြီးအချို့နှင့် ယနေ့ခေတ် လူငယ်များ ရေးသားသည့် စာမူများကို စုစည်းကာ “စာရေးဆရာ ကိုအောင်ဆန်း” အမည်ရှိ စာအုပ်အား တနင်္ဂနွေက ထုတ်ဝေသည်။
စာမျက်နှာပေါင်း ၄၅ဝ ပါရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားသမဂ္ဂတွင် လှုပ်ရှားခဲ့မှု မှတ်တမ်းဓာတ်ပုံ အပါအဝင် တခြားဓာတ်ပုံများနှင့် မိသားစု ဓာတ်ပုံများလည်း ၁၂ဝ ခန့် ပါရှိသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့ရသည့် ဘဝဖြစ်စဉ်များကို ထည့်သွင်းဖော်ပြထားပြီး၊ စာအုပ်နောက်ကျောတွင် ဗိုလ်ချုပ်၏ “အနိုင်မခံ” ကဗျာကို သူ၏ လက်မှတ်နှင့်တကွ ပူးတွဲဖော်ပြထားသည်။
ရာပြည့်အကြိုစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ မောင်ခင်၊ ဒဂုန်တာရာ၊ ဦးဝင်မြင့်၊ မန်းတင်၊ တိုက်စိုး၊ သခင်လှပွင့်၊ ကြည်ဦး စသည့် ကိုအောင်ဆန်းနှင့် ခေတ်ပြိုင် ကဗျာဆရာ၊ စာရေးဆရာများအပြင် ယနေ့ခေတ် လူငယ်စာရေးဆရာများလည်း ပါဝင်ရေးသားခဲ့သည်။
“အနာဂတ်မှာ ကျနော်တို့ အမျိုးသား ခေါင်းဆောင်ကြီးဟာ မေ့ပျောက်လို့ မရတဲ့ အရာတခုဖြစ်တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုဖြစ်တယ်ဆိုတာကို လူငယ်တွေကို လက်ဆင့်ကမ်းဖို့၊ ဖူးကင်းစ ကလေးငယ်တွေ သိအောင်လို့ ဖြစ်တယ်။ သူကို မမေ့မပျောက်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်တယ်” ဟု ပိတောက်ပွင့်သစ်မှ အယ်ဒီတာဖြစ်သူ ကဗျာဆရာ မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။
ကြယ်နီစာအုပ်တိုက်မှ တအုပ်လျှင် ၁၂ဝဝဝ ကျပ်ဖြင့် အုပ်ရေပေါင်း ၁၂ဝဝ ဖြန့်ချိမည်ဖြစ်ရာ ပိတောက်ပွင့်သစ် မဂ္ဂဇင်းတိုက်ကလည်း ထပ်ဆင့်ဖြန့်ချိသွားမည်ဖြစ်သည်။ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ City Star ဟိုတယ်၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ရာ စာဖတ်ပရိသတ် ၂ဝဝ ခန့် တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘဝကတည်းက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများ ရေးခဲ့ပြီး၊ ရန်ကုန်ကျောင်းသားသမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ယခင်က ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် စုစည်းဖော်ပြရန်အတွက် စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ ယခုအခါမှ စာအုပ်အနေဖြင့် ထုတ်ဝေခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
“ပြည်သူချစ်တဲ့ စာရေးဆရာတွေကို ကမ္ဗည်းတင်တဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းရဲ့ ဆောင်ပုဒ်လေးတခုရှိတယ်။ အဲဒီဆောင်ပုဒ်လေးအတိုင်း ပြည်သူချစ်တဲ့ စာရေးဆရာတွကို ကမ္ဗည်းတင်ခဲ့တယ်။ အဲဒီ စာရေးဆရာတွေထဲမှာ သခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာတို့၊ မင်းသုဝဏ်တို့၊ ဆရာဇော်ဂျီတို့ အားလုံးပါသွားပြီးပြီ။ စာရေးဆရာတွေထဲမှာ လိုက်ရှာတော့ ကိုအောင်ဆန်းကို တွေ့တယ်။ ပိတောက်ပွင့်သစ် အနေနဲ့ မျက်နှာဖုံးတင်ဖို့၊ Data တွေ လုပ်ဖို့ ကြိုးစားတယ်။ ကျနော်တို့ ပိထောက်ပွင့်သစ်အနေနဲ့ မရဘူး၊ စုစည်းတဲ့အနေနဲ့ တင်ပါဆိုပြီး ပြောလို့ တင်လိုက်ရတယ်။ ဒါပေမဲ့ နည်းနည်းတော့ ကြာသွားတယ်။ ကြာသွားပေမယ့် အခုလို ထွက်လိုက်ရတဲ့အတွက် ဝမ်းသာတယ်” ဟု ဆရာမောင်စိမ်းနီက ပြောသည်။
ကဗျာဆရာ အောင်ပွင့် ရေးစပ်သည့် “အမိနိုင်ငံတော် ကောင်းကင်းပေါ်ကို အပျော်ဦးတင် မော်ဖူးချင်လှပါပြီ ဗိုလ်ချုပ်ခင်ဗျား” ကဗျာနှင့် စာရေးဆရာ မောင်သာချို၏ “ပြည်တန်တဲ့ ပတ္တမြားဆိုတာ၊ နတ်မောက်သား ကိုအောင်ဆန်းပါ၊ ဒါကို ပျောက်ရှအောင် လုပ်ခဲ့တာ၊ သောက ဇာတ်ဝင်ခန်းရဲ့ အစပေါ့” ဟူသည့် ကဗျာနှစ်ပုဒ်လည်း စာအုပ်ထဲတွင် ပါရှိသည်။ စာရေးသူအမှာအနေဖြင့် “ပခုံးပေါ်ရောက်လာတဲ့ ခေတ်ရဲ့ သမိုင်းတာဝန်ကို အထိုက်အလျောက် ကျနော်တို့ ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပါတယ် … မောင်စိမ်းနီ။ ၁၃.၂.၂ဝ၁၁ ဟူ၍ ရေးသားထားသည်။
“ကျနော်တို့ ပခုံးပေါ်မှာ ကျရောက်နေတဲ့ ခေတ်ရဲ့ သမိုင်းတာဝန်တွေ ရှိတယ်။ တချို့က မထမ်းဘူး၊ တချို့က မေ့နေတယ်၊ တချို့က မသိကျိုးကျွံ လုပ်ခဲ့ကြတယ်။ အဲဒါတွေကို သိအောင်လို့မိုလို့ ကျနော်တို့ ရေးထားတယ်။ ကျနော်တယောက်ထဲကောင်းလို့ ဖြစ်တာမဟုတ်ဘူးလေ။ အားလုံးဝိုင်းဝန်းပြီးတော့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အသိမိတ်ဆွေတွေ၊ ကျနော့်ကို ချစ်မြတ်နိုးတဲ့ မိတ်ဆွေတွေ၊ ချစ်ခင်တဲ့ လူတွေ၊ သံယောဇဉ်ရှိတဲ့ သူတွေက ဝိုင်းဝန်း စုဆောင်းပေးတဲ့အတွက် ဒီစာအုပ်ကြီး ဖြစ်လာတယ်” ဟု ဆရာမောင်စိမ်းနီက ပြောသည်။







