ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားရန် NLD ပြော

ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားရန် NLD ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုရှိမှသာ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အင်္ဂါနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

မြန်မာ့စီးပွားရေး ကျပ်တည်းမှုသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူကြောင့် မဟုတ်ဘဲ၊ စစ်အစိုးရ၏ မှားယွင်းသည့် မူဝါဒများနှင့် ယုံကြည်စိတ်ချရမှု မရှိသည့် စီးပွားရေး ဝန်းကျင်ကြောင့်ဖြစ်သည်ဟုဆိုသည်။ 

“Sanction မရှိခြင်းဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ nldstatementဒီမိုကရေစီ ရိုက်ချိုးမှုတွေ မရှိပါဘူးလို့ ပြောလိုက်သလိုပါပဲ။ နောက်တက်လာတဲ့ အစိုးရကရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ပါဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒါတွေ တိုးတက်ပြောင်းလဲလာမှသာလျှင် အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ရုပ်သိမ်းဖို့ စဉ်းစားလို့ရမှာပါ။ ဒါက သူ့ဥပဒေနဲ့သူ ရှိပြီးသားပဲ။ ကျနော်တို့က ဒီအပေါ်မှာ ဆက်ထောက်ခံတာပါ” ဟု ကြေညာချက်နှင့် ပတ်သက်ပြီး NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ရှင်းပြသည်။

ပိတ်ဆို့မှုများသည် ထိရောက်မှုမရှိဟု ဝေဖန်သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်များ လိုက်နာမှု မရှိဘဲ၊ ပြည်သူကို နှိပ်စက်သည့် အာဏာရှင် အစိုးရကို ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် စစ်အစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်းဖြစ်သည့် ပစ်မှတ်ထား ပိတ်ဆို့မှု (Targeted Sanction) ၊ ကုန်သွယ်ရေး ပိတ်ဆို့မှု (Trade Sanction) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှု (Investment Sanction) တို့ ပါဝင်သည်။

ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဆက်ထားရန် NLD ပြောသော်လည်း စစ်အုပ်စုကို ပစ်မှတ်ထားသည့် အရေးယူမှုသာ ထိရောက်ပြီး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ခြင်းမှာ ပြည်သူများအပေါ် ထိခိုက်သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က ဆိုသည်။

GPS စနစ်ဖြင့် ကုန်သွယ်ခွင့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် အလုပ်အကိုင်၊ နည်းပညာနှင့် နိုင်ငံတကာဈေးကွက် တိုက်ရိုက်ထိတွေ့နိုင်သည့် အခွင့်အလမ်း ဆုံးရှုံးမှုသည် ပြည်သူများအတွက် ထိခိုက်သည်ဟု NDF က ယခုလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သည်။ NDF မှာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၁၆ နေရာ အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။

“GSP ပိတ်ဆို့ထားတာလည်း အန်ကယ်တို့ ဆုံးရှုံးပါတယ်။ အဲဒါအပါအဝင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ လိုအပ်တယ်လို့ အတိအလင်း ပြောထားပါတယ်။ လူ့အခွင့်အရေးကတော့ အခုအချိန်မှာ သိပ်ဦးစားပေး မဟုတ်လို့ မကိုင်တွယ်သေးပါဘူး။ ပြောတော့ ပြောရမှာပါ။ စီးပွားရေး အခွင့်အလမ်းနဲ့အတူ လူ့အခွင့်အရေးလည်း မြင့်တက်လာမှာပါ။ ဒါတွေကို ကျနော်တို့က သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောတာ” ဟု NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

အလားတူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကလည်း ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးမပြုသဖြင့် ဒဏ်ခတ်မှု ရုပ်သိမ်းရန် လိုအပ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလုံ-စဝေါ် စသည့် တိုင်းရင်းသား ပါတီများကလည်း တိုင်းရင်းသားဒေသများ စီးပွားရေးတိုးတက်မှု နှောင့်နှေးစေသဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပါရန် ပြီးခဲ့သည့်လ ၁၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

NLD ကြေညာချက်တွင် ပိတ်ဆို့မှု ဖယ်ရှားလိုလျင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် စစ်အစိုးရကို တိုက်တွန်းပြီး၊ အရေးယူထားသော နိုင်ငံများနှင့် ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းများ ပြုပြင်မွမ်းမံရေးအတွက် NLD က တွေ့ဆုံညှိနှိုင်းရန်ပါ တောင်းဆိုထားသည်။

ထိုဆွေးနွေးပွဲတွင် လူအများ လေးစားခံရသည့် ပညာရှင်အဖွဲ့တဖွဲ့၏ ပိတ်ဆို့ခြင်းမှ ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာဆန်းစစ်ချက်များ ပါဝင်ရန် လိုလားသည်ဟု ဆိုသည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန်က စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်သဖြင့် လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့ကာ၊ ၁၉၉၇ တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ပစ်မှတ်ထား ပိတ်ဆို့မှု ပြဋ္ဌာန်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်မျက်ကိုမူ အခြားနိုင်ငံမှ တဆင့်ခံ တင်သွင်းခွင့်ပြုသည်။ ပြီးခဲ့သည့်နှစ် မေလတွင် စီးပွားရေးပိတ်ဆို့မှု သက်တမ်းထပ်တိုးခဲ့သည်။

ဥပရောသမဂ္ဂ EU ကလည်း စစ်လက်နက်ပစ္စည်း လွှဲပြောင်းခြင်း (သို့) ရောင်းချခြင်းကို ၁၉၉၆ တွင် တားမြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက်များ၏ ပြည်ပတွင် တရားဝင် ထားရှိသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ကာ၊ ခရီးသွားလားခွင့် ပိတ်ဆို့မှု ပြုလုပ်ပြီး ဒဏ်ခတ်ခဲ့သည်။

၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသဖြင့် EU က လူသားချင်း စာနာမှု အကူအညီမှလွဲပြီး နှစ်နိုင်ငံကြား အကူအညီများ ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် သစ်၊ ကျောက်မျက်နှင့် သတ္ထုတင်ပို့မှုပါ တားမြစ်ခဲ့သည်။ ထိုသို့ ဝါရှင်တန်အစိုးရနှင့် EU ၏ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များပါ ပါဝင်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1006 guests and 1 member online