ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပျဉ်းမနားတွင် ကြက်တုပ်ကွေး တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း

ပျဉ်းမနားတွင် ကြက်တုပ်ကွေး တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရအပြီး နေပြည်တော် ပျဉ်းမနားမြို့နယ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဦးဆောင်၍ ၎င်းရောဂါ ရှာဖွေတိုက်ဖျက်ရန်အတွက် အဖွဲ့ ၆ ဖွဲ့ပါ ကော်မီတီတရပ် ဖွဲ့စည်းလိုက်သည်။ 

မယက က ဦးဆောင်၍ မွေးမြူရေးနှင့် ကုသရေးဌာန၊ စည်ပင်သာယာဌာန၊ ရဲဌာန၊ မီးသတ်ဌာန၊ ကြက်ခြေနီ ပူးပေါင်းကာ ပြီးခဲ့သည့် တပတ်ထဲတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ရောဂါရှာဖွေ တိုက်ဖျက်ရေးများ ပြုလုပ်နေကြောင်း ကော်မတီ တာဝန်ရှိသူများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ကျနော်တို့က မြို့ပေါ်ရပ်ကွက်တွေအပါအဝင် HPAI-Chickenနေပြည်တော်၊ ပျဉ်းမနား အနီးတဝိုက်မှာရှိတဲ့ ရွာတွေကို ကွင်းဆင်းတယ်။ ကြက်ခြံတွေကို လိုက်စစ်တယ်။ နောက်ပြီး မြို့အဝင်ဂိတ်တွေမှာ ကြက်တွေအဝင်အထွက် မရှိအောင် စစ်ဆေးရေးဂိတ်တွေ လုပ်တယ်ပေါ့လေ” ဟု တိုက်ဖျက်ရေး ကော်မတီအဖွဲ့ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

မြို့ပေါ်ဈေးများတွင်လည်း ကြက်သားရောင်းချခွင့်၊ ပိတ်ပင်ခွင့်နှင့် ကြီးကြပ်မှုတို့ကိုလည်း ထိုကော်မတီမှပင် လုပ်ဆောင်ပေးနေပြီး၊ ယခုအခါ ပျဉ်းမနားနှင့် နေပြည်တော်သို့ အဓိက ကြက်တင်ပို့နေသည့် လမ်းကြောင်းဖြစ်သည့် သကြားစက်လမ်းဆုံတွင် ကော်မတီ အဖွဲ့ဝင်များက အချိန်ပြည့် စောင့်ကြည့် စစ်ဆေးနေသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပျဉ်းမနားမြို့အစွန်ရှိ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပရွက်ဆိတ်ကုန်းကျေးရွာ၊ ဦးဝင်းမောင်၏ ဥစားကြက်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကို စတွေ့ပြီးနောက် ၎င်းရွာအနီးရှိ အိမ်မွေးကြက် (အိမ်ကြက်) များကိုပါ ကူးစက်ခဲ့ကြောင်း နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ပုရွက်ဆိတ်ကုန်းရွာရှိ အဆိုပါ ကြက်ခြံကိုလည်း ပဲခူးတိုင်း တောင်ငူမြို့မှ သယ်ဆောင်လာသည့် ကြက်များမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး တောင်ငူမြို့တွင်လည်း  ကြက်ငှက်တုပ်ကွေး ရှိနေပြီဟု သိရသဖြင့် မွေး/ကု ဌာနက စစ်ဆေးနေကြောင်း ကော်မတီ တာဝန်ရှိသူ တဦးက ဆိုသည်။

ပျဉ်းမနားမြို့ခံ တဦးကလည်း “မြို့ထဲအဝင် မြို့လျှောက်လမ်းနဲ့ ညောင်ပင်သာက လာတဲ့လမ်းမှာ ကားတွေကို ကြက်တွေ ပါမပါ စစ်တယ်။ အဲဒီဘက်ကလည်း အများဆုံး ဝင်တာဖြစ်တော့လေ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရောဂါစတွေ့ခဲ့သည့် ပြီးခဲ့သည့် တပတ်ထဲတွင် နေပြည်တော်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ ဈေးများတွင် ကြက်သားရောင်းချခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါ စိစစ်ကြပ်မတ်၍ ကြက်သားဆိုင်အချို့ ရောင်းခွင့်ပြုထားသည်ဟု ကော်မတီထံမှ သိရသည်။

ရောဂါတွေ့ရှိသည့် သစ်လေးလုံး ကျေးရွာအုပ်စု ပရွက်ဆိတ်ကုန်းရွာ ကြက်ခြံမှ ကြက်များကို ပီနံအိတ်များဖြင့်ထည့်ကာ ဆေးဖျန်း၍ မြေမြှုပ် သုတ်သင်ပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောလွင်က ပြောသည်။

“ကျနော်တို့ကတော့ အဓိက လူတွေကို မကူးစက်နိုင်အောင် ရောဂါတွေ့တဲ့ ကြက်ခြံက ကြက်တွေကို သုတ်သင်တာမျိုး အဲဒီမှာလုပ်တဲ့ ဝန်ထမ်းတွေကို ဆေးစစ်တာမျိုးတွေ လုပ်ပါတယ်ခင်ဗျ” ဟု ဒေါက်တာစောလွင်က ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တိုက် အယ်ဒီတာတဦးကမူ “အခုဟာက သူတို့ခေါင်းဆောင်တွေနေတဲ့ နေပြည်တော် ဝန်းကျင်မှာ ဖြစ်တာဆိုတော့ ချက်ချင်းဖွဲ့၊ ချက်ချင်းလုပ်ဆိုပြီး အမြန်ကိုင်နေကြတာ။ နာဂစ်တို့ ဂီရိတို့ ဖြစ်တုန်းက အဲဒီလိုမျိုးအဖွဲ့တွေ ချက်ချင်းဖွဲ့ပြီး လုပ်ရင် ဒီလောက်တောင် ဒုက္ခရောက်မသွားဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ Highly Pathogenic Avian Influenza (HPAI) စတင်တွေ့ရှိခဲ့သည့် စစ်တွေမြို့နယ် ဘုမေလက်သမားရွာ ကြက်ခြံနှင့် ၁ ကီလိုမီတာအတွင်းရှိ ကြက်ခြံပေါင်း ၇၅ ခြံမှ ကြက်များကို ပီနံအိတ်များနှင့် ထုပ်၍ မြေကျင်းတူးကာ ပိုးသတ်ဆေးဖျန်း၍ ရှင်းလင်းခဲ့ရသေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗိုလ်မြရပ်ကွက်ရှိ ဥစားကြက် မွေးမြူရေးခြံ၌လည်း ယခုလ ၂ ရက်နေ့တွင် ကြက်၊ ငှက် တုပ်ကွေးပိုး H5N1 တွေ့ရှိသဖြင့် သုတ်သင်ခဲ့ရပြန်သည်။ ထို့ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု ၄ နေရာ ရှိသွားပြီဖြစ်သည်။

H5N1 ကို မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ထဲ၌ စတင်တွေ့ရှိခဲ့ပြီး၊ ရှမ်းပြည်နယ် ကျိုင်းတုံဒေသခံ တဦးထံ ကူးစက်ခဲ့သော်လည်း ဆေးကုသ ပျောက်ကင်းကာ ယခုတိုင် သက်ရှိထင်ရှား ရှိနေသည်ဟု ဒေါက်တာ စောလွင်က ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ချက်အရ ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ နိုင်ငံ ၁၅ နိုင်ငံတွင် H5N1 ရောဂါမှာ လူ ၅၁၉ ဦးထံ ကူးစက်ခံခဲ့ရပြီး၊ ၃ဝ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော နိုင်ငံများမှာ မြန်မာ၊ တောင်ကိုးရီးယား၊ အီဂျစ်၊ ဘင်္ဂလားဒေ့ခ်ျ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဂျပန် ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်မှ ယခုလ ၃ ရက်နေ့ထိ ၎င်းရောဂါ ဖြစ်ပွားသည့် နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1009 guests and 1 member online