ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကလေးစစ်သား ထောင် ၃ နှစ်ခွဲ

ကလေးစစ်သား ထောင် ၃ နှစ်ခွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(မဇ္ဈိမ) ။ ။ ၁၄ နှစ်အရွယ် သားငယ် စစ်မှုထမ်းခဲ့ပြီးနောက် နေအိမ်၌ ပြန်နေထိုင်စဉ် ရဲက ဖမ်းဆီးကာ တပ်ပြေးမှုဖြင့် ထောင် ၃ နှစ်ခွဲ ချမှတ်ကြောင်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာရှိ မိဘများက ပြောသည်။

အဘ ဦးသောင်းကြည်၊ အမိ ဒေါ်ကြည်ဝင်းတို့၏ သား မောင်ဇင်အောင်သည် အသက် ၁၄ နှစ်တွင် စစ်တပ်တွင်း ၇ လကျော် ခိုင်းစေပြီးနောက် နေရပ်ပြန်ကာ မိဘနှင့် နေထိုင်ခဲ့ရာ၊ ၈ နှစ်ခန့်အကြာ ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ရဲက တပ်ပြေးအဖြစ် လာဖမ်းကာ ပဲခူးထောင်တွင် ထောင် ၃ နှစ်ခွဲချခြင်း ဖြစ်သည်။

"ငါ့သား ဘာတွေလုပ်ရလဲလို့ မေးတော့ တပ်ရေး chilsoldierဗိုလ်ကြီးနားမှာ ကြက်ခြံမှာ လုပ်ရတယ်။ ကြက်ဥ ကောက်ရတယ်၊ ကြက်စာ ကျွေးရတယ် ပြောတယ်။ အဲလိုပြောပြီးတော့ သူဒီမှာပဲ မိဘတွေကို လုပ်ကိုင်ကျွေးမွေးနေတာ ၈ နှစ် နီးပါး ရှိပြီ။ အဲလိုကြာပြီးမှ ရပ်ရွာဥက္ကဋ္ဌ ဦးသန်းလွင်က စစ်ပြေးဆိုပြီး ရဲတွေခေါ်ပြီးတော့ လက်ထိပ်လာခတ်သွားတယ်" ဟု မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

မောင်ဇင်အောင်၏ အဖိုး ၇၈ နှစ်အရွယ် ဦးအောင်ဖေသည် မြေးဖြစ်သူကို ရဲက လာရောက်ဖမ်းဆီးသည့် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် စိတ်ထိခိုက်ပြီး လဲကျသေဆုံးသွားသည်ဟု သူက ဆိုသည်။


ဖမ်းဆီးပြီး ၂ လခန့်အကြာ ဒီဇင်ဘာ ၄ ရက်နေ့တွင် တပ်ပြေးမှုဖြင့် ပဲခူးထောင်တွင် ၃ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်မှ နေအိမ်သို့ သားဖြစ်သူ ပြန်ရောက်လာပုံကို ဒေါ်ကြည်ဝင်းက "ထွက်သွားတုန်းက ၁၄ နှစ်သားနဲ့ ထွက်သွားတယ်။ သူငယ်ချင်း သုံးယောက်ထွက်သွားတာ။ လိုက်ရှာတာလည်း ဘယ်လိုမှ ရှာလို့မတွေ့ဘူး။ မတွေ့တဲ့အဆုံး ကိုယ်ကလည်း ဒုက္ခတွေနဲ့ဆိုတော့ ဆက်မရှာနိုင်တော့ဘူး။ နောက် ၇ လကျော် လောက်ကျတော့ ပြန်ရောက်လာတယ်။ ပြန်လာတော့ ငါ့သား ဘယ်က ပြန်လာတုန်းဆိုတော့ စစ်တပ်ထဲက ပြန်လာတာလို့ ပြောတယ်" ဟု ပြန်လည်ပြောပြသည်။

မောင်ဇင်အောင်နှင့် သူငယ်ချင်း ၂ ဦးသည် ပဲခူးရှိ ခြေမြန်တပ်မ ၇၇ သို့ သွားရောက်ခဲ့ရာ အရပ်အမောင်းရှိသည့် မောင်ဇင်အောင်ကို ခေါ်ထားပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့သို့ စစ်သင်တန်းတက်ရန် စေလွှတ်ခဲ့သည်။

သင်တန်းရက် မပြည့်မီ အသက်မပြည့်ဟုဆိုကာ သင်တန်းက ပြန်လွှတ်ခဲ့သော်လည်း ပဲခူး အင်းတကော်ရှိ အမှတ် ၁ဝ၅ ခြေမြန်တပ်ရင်း တပ်ရင်းကြက်ခြံ၌ ဗိုလ်ကြီးသူရိန်လက်အောက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

သားဖြစ်သူ ပြစ်ဒဏ်ချမှတ်ခံရသဖြင့် မိဘများက ပဲခူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကူအညီ တောင်းခံခဲ့သည်။

ပဲခူး NLD အဖွဲ့ဝင် ကိုကျော်ဝင်းက "တပ်ရင်းတပ်မတွေကို အရင်အကြောင်းကြားပေးတယ်။ သူ့အချက်အလက်တွေကို မိဘများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO (ရန်ကုန်) ရုံးခွဲကို ဒီဇင်ဘာ ၂ဝ ရက်နေ့ စာပို့ပေးခဲ့ပါတယ်။ ကလေးအဖေကလဲ ကျန်းမာရေး မကောင်းဘူးဗျာ။ နောက် လာဖမ်းတုန်းကလဲ သူ့အဖိုးက ပွဲချင်းပြီး ဆုံးသွားတယ်။ မိသားစုတွေလည်း တော်တော်လေး နစ်နာပါတယ်။ သူတို့ကလည်း တငိုငိုတရီရီနဲ့ ကျနော်တို့ကို လာအကူအညီတောင်းတယ်။ ကျနော်တို့က လွှတ်ပေးပါလို့ အချုပ်ထဲက ဆွဲထုတ်လို့မရဘူးလေ" ဟု မဇ္ဈိမကို ပြောသည်။


မောင်ဇင်အောင်အတွက် အိမ်ထောင်စုဇယား၊ ကျောင်းဝင်အသက် ထောက်ခံချက်၊ ဖမ်းဆီးခံရသည့်နေ့၊ အဖိုးဖြစ်သူ၏ နာရေးဖိတ်စာတို့နှင့်အတူ မိဘများက ILO ထံ အကူအညီတောင်းခံခဲ့သည်။ ယင်းအကူအညီတောင်းစာ မိတ္တူကို NLD ဗဟို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ပဲခူး အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ပဲခူး အင်းတကော် ၁ဝ၅ ခြေမြန်တပ်ရင်း တပ်ရင်းမှူးထံ ပေးပို့ခဲ့သည်။

ဖခင် ဦးသောင်းကြည်မှာလည်း အသက် ၅၃ နှစ်သာ ရှိသေးသော်လည်း သားစိတ်ဖြင့် ကျန်းမာရေး မကောင်းသောကြောင့် အိပ်ယာထဲတွင် လဲနေသည်။

"ကျနော့်ဆီကို ပြန်ရောက်စေချင်ပါတယ်။ ဒီသားလေးအတွက်နဲ့လည်း ကျနော့်မှာ ရောဂါတွေ ပိုတက်နေပါတယ်။ ထမင်းလည်း မစားနိုင်ဘူး" ဟု ဦးသောင်းကြည်က မဇ္ဈိမကို ပြောသည်။



"ဒီကလေးလေးက ပြန်ထွက်လာပြီးကတည်းက ကျမတို့ကို ကျွေးမွေးစောင့်ရှောက်နေတာပါ။ ဒီကလေးကို အမြန်ဆုံး ပြန်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်" ဟု မိခင် ဒေါ်ကြည်ဝင်းက ပြောသည်။




 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1023 guests and 1 member online