ချင်းမိုင် (မဇ္စျိမ) ။ ။ လွှတ်တော် အစည်းအဝေးသို့ နိုင်ငံခြား သတင်းထောက်များ တက်ရောက် သတင်းရယူခွင့်ပြုရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားမှာ ဖြစ်သည်။
ရန်ကုန်ရှိ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း FCCM ၌ ဌာနေသတင်းထောက် ၂ဝ ကျော် တွေ့ဆုံ ဆွေးနွေးကာ ယခုလ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများ သတင်းကို နိုင်ငံခြားသတင်းထောက်များ တက်ရောက်ရယူခွင့် ရရှိရေးအတွက် လျှောက်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်အခြေစိုက် နိုင်ငံခြားသတင်းထောက် အနည်းဆုံး ၂၅ ဦး ရှိနေသည်။
“နိုင်ငံခြားက လူတွေက လာချင်ကြတာကိုး၊ ကျနော်တို့ မြန်မာပြည်ကို လာချင်ကြတာပေါ့။ သတင်းထောက်ဆိုတာ ဒီအတိုင်းဝင်လို့မှ မရတာ။ ဗီဇာနဲ့ တရားဝင် လာရတာကိုး။ ဒီလို အစည်းအဝေးကြီးတွေမှာပဲ ခေါ်တာကိုး။ အခုလည်း လွှတ်တော်က ပထမဆုံးအကြိမ်ဆိုတော့ လာချင်ကြတာပေါ့ကွယ်” ဟု အေပီသတင်းထောက် ဦးခင်မောင်ဝင်းက မဇ္ဈိမကို ပြောသည်။
ထို့ကြောင့် ယခုလွှတ်တော်သတင်း ရယူလိုသဖြင့် သတင်းထောက်များမှာ အဝတ်အစားအတွက် သီးသန့် ညွှန်ကြားချက် မထွက်သေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။
၁၉၉၃ မှ ၂ဝဝ၇ ခုနှစ်အထိ ပြုလုပ်ခဲ့သော အခြေခံဥပဒေမူကြမ်း ရေးဆွဲသည့် အမျိုးသား ညီလာခံတွင် သတင်းရယူခွင့်ပြုစဉ်က သတင်းထောက် အမျိုးသားများကို တိုက်ပုံနှင့် ပုဆိုး ဝတ်ဆင်ရန်၊ အမျိုးသမီးများကို အကျီင်္လက်ရှည်နှင့် ပုဝါခြုံရန်၊ နိုင်ငံခြားသားများကို ရှပ်အကျီ၊ နက်ကတိုင်ပါ ကုတ်အင်္ကျီနှင့် ဘောင်းဘီဝတ်ရန် ညွှန်ကြားခဲ့ဖူးသည်။
“ ဥပဒေအမျိုးမျိုး ထုတ်နေမှာဆိုးလို့ ကြိုတင်စီစဉ်ကြတာလေ။ ဟိုရောက်မှ သတင်းတွေ မယူရဘဲ နေမှာစိုးလို့ပါ” ဟု ဦးခင်မောင်ဝင်းက ပြောသည်။
ယခုလ ၂ဝ ရက်နေ့ နောက်ဆုံးထားကာ နေပြည်တော် ပြန်ကြားရေးဌာနသို့ ဗီဇာလျှောက်လွှာ မိတ္တူများနှင့် FCCM ၏ လျှောက်လွှာနှင့်တကွ တင်ပြသွားရန် ဆွေးနွေးခဲ့သည်ဟု ဂျပန်နိုင်ငံ ဆန်ကိုင်းရှင်ဘွန်းမှ သတင်းထောက် ဒေါက်တာ ဇော်သန်းက ပြောသည်။
ယမန်နေ့က သာကေတမြို့နယ် စာကြည့်တိုက် ဖွံ့ဖြိုးရေး အခမ်းအနားသို့ တက်ရောက်လာသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ပါလီမန်သစ် အစည်းအဝေးသို့ နိုင်ငံခြားသတင်းထောက်များကို တက်ရောက်ခွင့် ပြုမပြုကို FCC မှ တာဝန်ရှိသူတဦးက မေးခဲ့ရာ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ သတင်းယူခွင့်ပြုရန် ဖိတ်ခေါ်မည်ဟု ဖြေကြားခဲ့သည်။







