ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြွက်ဒဏ်ခံခဲ့ရသော ချင်း ၄ မြို့နယ် ကျေးရွာများသို့ ဆန်နှင့် ရေပိုက်များ လှူရန် ပြင်ဆင်နေသည်။
ချင်းပြည်နယ် အဖွဲ့ချုပ် ဥက္က္ကဋ္ဌ ပူးဗာလီယန်နှင့် ယခုလ ၁ဝ ရက်က့ တွေ့ဆုံဆွေးနွေးပြီး ပလက်ဝနှင့် ကန်ပက်လက် မြို့နယ်များတွင် ဆန်လှူရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
သို့သော် ချင်းပြည်နယ် မင်းတပ်နှင့် ထန်တလန်မြို့နယ်များတွင်လည်း စားနပ်ရိက္ခာ အခက်အခဲရှိနေသည်ဟု ထပ်မံ တင်ပြလာသဖြင့် မည်ရွေ့မည်မျှ ကူညီမည်ကို ညှိနှိုင်းဆဲ ဖြစ်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
“ရေပိုက်လှူမယ်ဆိုတာက ဖလမ်းမြို့နယ်မှာ သောက်သုံးရေ အခက်အခဲ ရှိနေတယ်လို့ ပြောတယ်။ ဖလမ်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ တောင်ပေါ်က စမ်းချောင်းတခုရှိတယ်။ အဲဒီက ရေကို မြို့ထိ ပိုက်နဲ့ သွယ်ရမယ်။ တအိမ်စီ သွယ်တန်းဖို့ ရေပိုက် လှူပေးပါလို့ မေတ္တ္တာရပ်ခံတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
၂ လက်မ ရေပိုက်ဝယ်ရန် သိန်း ၆ဝ လိုသည်ဟု ချင်းပြည်နယ် ဥက္ကဋ္ဌ ပူးဗာလီယန်က တင်ပြထားသည်ဟု သူက ဆိုသည်။
ချင်းပြည်နယ် မင်းတပ်၊ ကန်ပလက်၊ မတူပီ မြို့နယ်များတွင် ယခင်လကုန်ပိုင်းမှ စပြီး ကောက်ပဲသီးနှံများ၏ အပင်ရင်းမှ ကိုက်ဖြတ်စားသောက်သည့် ကြွက်ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟုလည်း ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ပူးဇူဇမ်းက ပြောသည်။
“ကျနော် အရမ်းကျေနပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆန်လှူမယ်ဆိုတာ ကြားရလို့ သတင်းကောင်းပါ၊ ကျနော်တို့ကို နောက်လဲ အများကြီးလှူပါအုံးလို့၊ အဖွဲ့အစည်းတဖွဲ့မကပါဘူး။ ရေအခက်အခဲတွေလဲ နေရာတိုင်းမှာ ရှိတယ်။ ရေပိုက်လှူဖို့ကိစ္စကိုလဲ ကျနော်ထောက်ခံတယ်။ ရေမရှားတဲ့နေရာကို မရှိတော့ဘူး ”ဟု သူက မဇ္စျိမကို ပြောသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လတွင်းကလည်း ကျေးရွာ ၁၂ဝ ခန့်တွင် ဒေသခံ ၄ ထောင်ကျော် စိုက်ပျိုးထားသည့် ဆန်၊ ပြောင်းဖူး၊ နှမ်းနှင့် ပဲမျိုးစုံကို ကြွက်များ ဖျက်ဆီးခဲ့ပြီးနောက် အစာရေစာ ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရသည်။
ယခင်လက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုပေါင်းပြီး ဂီရိ မုန်တိုင်းသင့်ဒေသများသို့ ငွေကျပ် သိန်း ၂ဝဝ တန် အမိုးအကာနှင့် စားနပ်ရိက္ခ္ခာများ သွားရောက်လှူဒါန်းခဲ့သည်။
NLD က ဈေးရောင်းပွဲများ၊ တသီးပုဂ္ဂလ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် နိုင်ငံခြား အဖွဲ့အစည်းများမှ အလှူရှင်များ၏ အလှူငွေဖြင့် နိုင်ငံရေး အကျဉ်းသားများ၊ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းဒဏ်ခံ ဒေသများနှင့် HIV/AIDS နှင့် နေထိုင်သူများကိုလည်း ကူညီထောက်ပံ့နေသည်။
“လူနာတွေလဲတိုးလာတော့ လက်ရှိအခြေအနေမှာ ရပ်တည်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ ရှေ့ဆက်ပြီးတော့လဲ တိုးချဲ့ဖို့တွေ ရှိတယ်။ ဒါပေမဲ့ အခက်အခဲက ငွေကြေးဘဲလေ”ဟု မဖြူဖြူသင်း က မဇ္စျိမကို ပြောသည်။
မဖြူဖြူသင်းအဆိုအရ ရန်ကုန် တောင်ဒဂုံရှိ သုခရိပ်မြုံဂေဟာတွင် ဆေးကုသစောင့်ရှောက်ခံနေသူ ၁၃ဝ ခန့်ရှိသည်ဟု ပြောသည်။







