ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွှေနဂါးမင်းက မုံရွာဒေသခံ ၄ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ

ရွှေနဂါးမင်းက မုံရွာဒေသခံ ၄ ဦးကို ကျူးကျော်မှုဖြင့် တရားစွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ရွှေနဂါးမင်း ကုမ္ပဏီ ဆောက်လုပ်ခွင့် ရထားသော မြေယာအတွင်း တရားမဝင် ဝင်ရောက်ကျူးကျော်သည်ဆိုကာ မုံရွာမြို့ မုံရွာတောင်ရပ်ကွက်မှ ဒေသခံ ၄ ဦးကို ကုမ္ပဏီက တရားစွဲထားသည်ဟု တရားပြိုင်များက ပြောသည်။

မုံရွာတောင် အဆင့်မြင့် အိမ်ရာ စီမံကိန်းရထားသော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ကြံ့ဖွံ့အမတ် ဦးဝင်းမြင့်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျာ ဦးဗိုလ်ဗိုလ်ငယ်က သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၈ ဖြင့် ယခုလ ၆ ရက်နေ့က မြို့နယ်တရားရုံးတွင် တရားစွဲသည်။

ကုမ္ပဏီက ဦးလှိုင်မြင့်၊ ဒေါ်စန်း၊ ဦးစိုးနိုင်နှင့် monywaဦးအောင်မိုးထွန်းတို့ ၄ ဦးအား သူတပါးတရားဝင် ပိုင်ဆိုင်သည့် နေရာကို ဝင်ရောက်ကျူးကျော်သည် စွပ်စွဲထားသည်ဟု တရားပြိုင် ဦးစိုးနိုင်က ပြောသည်။

ကုမ္ပဏီက သင့်တော်သော လျော်ကြေးမပေးသည့်အတွက် မဖယ်ပေးခြင်းဟု တရားပြိုင်များဘက်က ဆိုသည်။

“ကျနော်တို့ကို မယက ရုံးမှာ အခါတိုင်း ခေါ်ပြီးတော့ ခြိမ်းခြောက်တယ်လေ။ ၉ လပိုင်းကစပြီး ၅ ခေါက် ၆ ခေါက်လောက်သွားရတယ်။ အခုနောက်ပိုင်း ခေါ်တာ မပြေလည်လို့ ဆိုပြီး တရားစွဲထားတယ်။ ကျနော်တို့ မရှိတဲ့လူတွေက ထိုက်ထိုက်တန်တန် မရဘူးဖြစ်နေတာ၊ အခုက ဖယ်မပေးလို့ တရားစွဲတာလေ”ဟု ဦးစိုးနိုင်က ပြောသည်။

“ဘိုးဘွားတွေ နေလာခဲ့တဲ့ နေရာတွေလေ။ အခုအစိုးရလက်ထက်မှာ ပလက်ဖောင်းတွေလုပ်ခိုင်းတော့ လုပ်ခဲ့ရတယ်။ ကားလမ်းဘေး မျက်နှာစာအိမ်ရှေ့တွေမှာ ခတ်လာခဲ့ကြတာ။ မြို့ပြအဆင့်မီဆိုပြီးတော့။  တခြားအိမ်တွေက ချောင်ထဲမှာဆိုတော့ ကျေကျေနပ်နပ်နဲ့ ပေးလိုက်ကြတယ်လေ။ ကျနော်တို့က လမ်းဘေးမှာလေ၊ ဒါကြောင့် မပေးနိုင်တာ”ဟု သူက မဇ္စျိမကို ပြောသည်။

အိမ်ပြောင်းရွှေ့မှုကို ရွှေနဂါးမင်း ကုမ္ပဏီက မနှစ် ၉ လပိုင်းက စတင်ခဲ့ပြီး  နောက်ဆုံးထား ပြောင်းရွှေ့ရန် ရက်သတ်မှတ်မထားပေ။

စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မြို့နေရာချထားရေးကော်မတီမှ ဘောလုံးပရိသတ်များ  တည်းခိုရန် အပါအဝင် အဆင့်မြင့်ဟိုတယ်များ ဆောက်လုပ်ခွင့် မြေ ၁၃.၄၄ ဧကကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် စာအမှတ်များဖြင့် မြေကွက်ချထားစေခဲ့သည်ဟု  တရားစွဲထားသည့် အမှုတွဲတွင် ပါရှိသည်။

မုံရွာမြို့ တောင်ဘက်အစွန်းပိုင်း မုံရွာတောင်ရပ်ကွက် အပါအဝင် နယ်မြေများကို စစ်အစိုးရက ဘောလုံးကွင်း ဆောက်မည်ဆိုကာ အသိမ်းပြခဲ့ပြီးနောက်ပိုင်း ရွှေနဂါးမင်း ကုမ္ပဏီကို လုပ်ခွင့်ပေးထားသည်ဟု မုံရွာမှ ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေအသင်းက မုံရွာ ဘောလုံးကွင်းကို မနှစ် အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

လယ်ယာမြေတခုကို အိမ်ဆောက်ရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ၁၉၅၃ ခုနှစ် နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃(ခ) ကင်းလွတ်ခွင့်အရ လယ်ယာမြေကို အခြားအမည်အဖြစ် အသုံးပြုခွင့် မရှိသဖြင့် မြေသိမ်းဥပဒေ မထွက်သေးသဖြင့် ကုမ္ပဏီက တရားစွဲခြင်းသည် တရား မဝင်ကြောင်း ရှေ့နေကြီး ဦးစောထွန်းက ပြောသည်။

“ဥပဒေအရ စွဲခွင့်ကို မရှိတာ၊ ကုမ္ပဏီက စွဲခွင့်ကို မရှိဘူး။ နိုင်ငံတော်ကဘဲ တရားလိုလုပ်ရမှာ၊ သူ့ကို ရောင်းတယ်၊ လွှဲတယ်ဆိုရင်လဲ တရားဝင်ထွက်တာ ဘာမှ မရှိဘူးလေ။ မြေတခု လွှဲမယ်ဆိုရင် မြေသိမ်းဥပဒေနဲ့ သိမ်းပြီးတော့မှ တရားစွဲလို့ရမယ်လေ။ အခု မြေသိမ်းဥပဒေ မထွက်သေးဘဲနဲ့ ဒီလိုလုပ်လိုက်တာလေ။ တကယ်တရားစွဲမယ်ဆိုရင် အစိုးရဘဲစွဲရမှာ၊ ကုမ္ပဏီက စွဲခွင့်မရှိဘူး” ဟု ဦးစောထွန်းက မဇ္စျိမကို ပြောသည်။

စစ်အစိုးရက ကုမ္ပဏီကို တရားဝင် လွှဲစာပေးလျှင်လည်း  အစိုးရက တရားဝင် မြေသိမ်း ဥပဒေထုတ်မထား၍ ကုမ္ပဏီက အခြားအမည်ပေါက်လုပ် ခွင့်မရှိကြောင်း ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ဆိုသည်။

အဆိုပါ မြေနေရာတွင် ၅၂ နှစ်ကျော်ကြာနေထိုင်ခဲ့သော ပေ ၆ဝ၊ ၈ဝ ပတ်လည် ပိုင်ဆိုင်သူ ဦးစိုးနိုင်က လက်ရှိ နေအိမ်နှင့် ခြံမြေပေါက်ဈေး အနည်းဆုံး သိန်း ၃ဝဝ တန်သည်ဟု သူက မဇ္စျိမကို ပြောသည်။ 

ရပ်ကွက်တွင် အိမ်ခြေ ၅၅ အိမ်ရှိရာ  ပေ ၃ဝ၊ ၄ဝ ရှိသူများ အပါအဝင် ၁၆ ဦးကို တဦးလျှင် သိန်း ၆ဝ  နစ်နာကြေး ပေးဝယ်ခဲ့သော်လည်း  ချမ်းသာသူအချို့ကိုမူ ကျပ်သိန်း ၂ဝဝ မှ ၃ဝဝ အထိ ပေးလျော်ခဲ့သည်ဟု သူက ပြောသည်။ ကျန် ၃ဝ ကျော်ကို တရားမစွဲသေးဘဲ ၄ ဦးသာ စတရားစွဲခံရသည်။

အိမ်ခြံမြေ ပေ ၁၅ဝ၊ ပေ ၄ဝ  ဝန်းကျင် ပိုင်ဆိုင်သူ ဒေါ်စန်းကလည်း ကုမ္ပဏီပေးသည့် သိန်း ၁၂ဝ ဖြင့် တခြားနေရာသစ် ဝယ်ရန် မလောက်သည့်အတွက် ကုမ္ပဏီကို ရောင်းရန် ငြင်းဆန်နေခြင်းဟု မဇ္စျိမကို ပြောသည်။ ယာမြေ ၂ ဧက ဖျက်ဆီးခံခဲ့ရမှုအတွက်လည်း လျော်ကြေး မရကြောင်း သူက ဆိုသည်။

“ကျမတို့ကို စစချင်း သိန်း အစိတ်ကနေ စပေးတာ ၁၂ဝ ပေးထားတယ်။  ကျမတို့က နိုင်ငံတော်က ခတ်ခိုင်းလို့ အုတ်တံတိုင်းခတ်ခိုင်းထားတာတွေရှိတယ်လေ။ အဲဒါဖျက်တာနဲ့ အိမ်ဖျက်တာနဲ့ အဲဒီငွေကုန်သွားမှာ ၊ နေစရာလဲ ဝင်းဝယ်ဖို့နဲ့ အိမ်ပြန်ဆောက်ဖို့ ဆိုတာ မရလို့ လက်မခံနိုင်တာပါ”ဟု သူက ပြောသည်။

လက်ရှိ မုံရွာမြို့တွင်း အိမ်ယာစီမံကိန်း ပေ ၆ဝ၊ ၈ဝ ပတ်လည် တလုံးလျှင် သိန်း ၅ဝဝ မှ ၆ဝဝ ထိ ပေါက်ဈေးရှိသည် ဆိုသည်။

ဒေသခံများက ရှေ့နေငှားရန် စီစဉ်နေပြီး လာမည့် ၂ဝ ရက်နေ့တွင်  စွဲဆိုချက်များကို ချေပရန်  မုံရွာမြို့နယ် တရားရုံးက သမ္မန်စာဖြင့် ဆင့်ခေါ်ထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ရွှေနဂါးကုမ္ပဏီကို ဆက်သွယ်၍ မရခဲ့ပေ။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1040 guests and 1 member online