ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုတိုင်စာတွေ တက်လာတာ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့သာလျှင် ပစ်စာနဲ့ တိုင်စာတွေ တက်တာ။ ဒါတွေကို ဖော်ထုတ်အရေးယူမယ်။ ပြီးလို့ရှိရင် ပါတီကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားမယ်ပေါ့ဗျာ၊ ဒီလိုတော့ ပါတယ်” ဟု အစည်းအဝေး တက်ခဲ့သူ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယခုအစည်းအဝေးက လွှတ်တော်တွင် တင်ပြရန် လိုအပ်သည့် အချက်အလက်များကို ကြိုတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရက်ကြိုက်လျှင် မိမိနေအိမ်၌သာ ဝယ်ယူသုံးစွဲရန်နှင့် အနှိပ်ခန်းသွားခြင်း၊ စားသောက်ဆိုင်တွင် ပျော်ပါးသောက်စားခြင်း၊ ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်း၊ ငွေကြေးအရှုပ်အရှင်း အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။

ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီ အမတ်များနှင့် ပါတီဝင်များကို မြို့ခံလူထုက တိုင်စာနှင့် ပစ်စာများဖြင့် အများဆုံး တိုင်တန်းခံရကာ၊ စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ၌ ပျော်ပါးသည့် အကြောင်းများ ပါရှိကြောင်း ရန်ကုန်တိုင်း ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။

“ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအမတ်တွေက အနှိပ်ခန်းမှာ၊ KTV မှာ ငွေသုံးတယ်၊ ပျော်ပါးတယ်ဆိုပြီး ရပ်ကွက်ထဲက နာမည်နဲ့တကွ တိုင်စာမျိုးတွေ တက်တယ်။ တချို့ကလည်း နာမည်မပါဘဲနဲ့ ပြည်ချစ်သားတို့၊ မြို့စောင့်နတ်တို့လို နာမည်တွေနဲ့ တက်လာတာတွေ ရှိတယ်” ဟု သူက ဆိုသည်။

ကြံ့ဖွံ့ပါတီဝင်များသည် သာမန်လူများထက် အာဏာပါဝါရှိပြီး ငွေကြေးသုံးစွဲပျော်ပါးခွင့်များ ရှိနေသည်ဟု ရန်ကုန်ရှိ ကားပွဲစားတဦးက ပြောသည်။

“ဒီမှာက သူတို့က ဘုရင်ပဲ။ ကန်တော်ကြီးစောင်းက ပါဝါလိုက် စားသောက်ဆိုင် သီးသန့်ခန်းတွေမှာ လာလာထိုင်ပြီး ပန်းကုံးတွေ စွပ်တယ်။ တခြားဧည့်သည်တွေနဲ့ကို ၇-၈ သိန်းဖိုး အပြိုင်စွပ်ကြတာတွေ ရှိတယ်” ဟု သူက ဆိုသည်။

လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက်  ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1039 guests and 1 member online