ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြန်မာ့ဘောလုံး တိုးတက်မှု လမ်းစဟု ကလောင်ရှင်များ ပြော

မြန်မာ့ဘောလုံး တိုးတက်မှု လမ်းစဟု ကလောင်ရှင်များ ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားတွင် မြန်မာကလပ်အသင်း ပထမဆုံး ဗိုလ်စွဲခြင်းသည် မြန်မာ့ဘောလုံးလောက ပြန်လည်တိုးတက်ခြင်း၏ လမ်းစအဖြစ် ပြည်တွင်းရှိ ဝါရင့် အားကစား ကလောင်ရှင်နှစ်ဦးက ရှုမြင်လိုက်ကြသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် AFC ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲ၌ ရတနာပုံအသင်းက ကာဂျစ္စတန်ကလပ် ဒိုဒွိုင်း ဒိုင်နမိုအသင်းကို တဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ပထမဆုံး ဗိုလ်စွဲခဲ့သည့်အပေါ် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“ရတနာပုံက ဥရောပရဲ့ အသင်းတသင်းလို့ ပြောလို့ရတဲ့ ဒိုဒွိုင်း ဒိုင်နမိုအသင်းကို နိုင်လိုက်ခြင်းဟာ ကျနော်တို့ မြန်မာ့ဘောလုံးလောက ပြန်လည်တိုးတက်ဖို့အတွက် လမ်းမှန်ပေါ်ကို ရောက်သွားတာပါ” ဟု ဝါရင့် အားကစား ကလောင်ရှင်နှင့် မြန်မာနေရှင်နယ်လိဂ် MNL စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေး (ပျဉ်းမနား) က မဇ္ဈိမကို ပြောသည်။

Goal အားကစား ဂျာနယ် အယ်ဒီတာနှင့် အားကစား ကလောင်ရှင် ဦးကိုကိုကြီးကလည်း “အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားဆိုတာက ကျနော်တို့လို အောင်ပွဲနဲ့ ဝေးနေတဲ့ အသင်းတွေအတွက် ဖန်တီးပေးတဲ့ ပြိုင်ပွဲတရပ် ဖြစ်နေတော့ ဒီလိုပြိုင်ပွဲမှာ ဗိုလ်စွဲလိုက်ခြင်းဟာ နောက်တဆင့်ကို တက်လှမ်းဖို့ အားယူလိုက်ခြင်းလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ပရိသတ် ၂ သောင်း ၃ ထောင်ကျော် အားပေးခဲ့သည့် ယမန်နေ့ ပွဲစဉ်၌ မိနစ် ၉ဝ ကစားခဲ့သော်လည်း အနိုင်အရှုံး အဖြေမပေါ်ဘဲ ဂိုးမရှိသရေကျနေသည့်အတွက် အချိန်ပိုဆက်ကစားရာ ပွဲချိန် ၉၅ မိနစ်တွင် ကိုနေး (ကျောနံပါတ် ၄) က ရတနာပုံအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့ကြောင့် မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံအသင်းသည် AFC ဥက္ကဋ္ဌဖလား ပြိုင်ပွဲသက်တမ်းတလျှောက် ပထမဆုံး ဗိုလ်စွဲခဲ့သည့် မြန်မာကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လာမည့်နှစ်တွင် AFC ဥက္ကဋ္ဌဖလားထက် အဆင့်မြင့်သည့် AFC Cup နှင့် AFC Champions League ပြိုင်ပွဲများသို့ MNL ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မိမိတို့ ကြိုးပမ်းနေကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

AFC Cup နှင့် AFC Champions League ဝင်ရောက်ခွင့်ရရန် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းလိဂ် ပြိုင်ပွဲတခုအနေဖြင့် ပရော်ဖက်ရှင်နယ်အသင်း အနည်းဆုံး ၁၂ သင်းရှိရမည်ဖြစ်ပြီး၊ အသင်းအားလုံး အိမ်ကွင်း အဝေးကွင်း အပြန်အလှန် ကစားသည့်စနစ် ကျင့်သုံးရန် လိုအပ်သည်။ ထို့ပြင် ပြိုင်ပွဲဝင်အသင်း ၆ သင်းတွင် ကိုယ်ပိုင်ကွင်း ရှိရမည် ဖြစ်သည်။

“ကျနော်တို့မှာ ပရိုအသင်း ၁၂ သင်း မရှိသေးတာကလွဲရင် ကျန်တာတွေက ပြည့်စုံခါနီးပါပြီ။ အခုလာမယ့်နှစ် ဖေဖော်ဝါရီမှာ MNL ပြိုင်ပွဲတွေ ပြန်စမယ်။ အဲဒီကျရင် AFC က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း ကျင်းပသွားဖို့ အခု ကြိုးစားနေကြတယ်” ဟု ဦးခင်မောင်ထွေးက ပြောသည်။

MNL ကို ၂ဝဝ၉ ခုနှစ် မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကလပ်အသင်း ၈ သင်းဖြင့် ပထမဆုံး စတင်ခဲ့ရာ ရတနာပုံအသင်းက ဗိုလ်စွဲခဲ့သည်။ ထို့နောက် ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် MNL ကို အမှတ်ပေး ပတ်လည်စနစ်ဖြင့် စတင်ကျင်းပခဲ့ရာ ရတနာပုံကပင် ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ပြန်သည်။

ဒုတိယအကြိမ်မြောက် MNL ကို အာရှဘောလုံးအဖွဲ့ချုပ်မှ ချမှတ်သည့် စည်းမျဉ်းများနှင့်အညီ ကျင်းပနိုင်ခဲ့သည့်အတွက် ဗိုလ်စွဲသည့် ရတနာပုံအသင်းသည် AFC ဥက္ကဋ္ဌဖလားပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ရတနာပုံအသင်းပိုင်ရှင်မှာ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဖြစ်ပြီး အသင်းအုပ်ချုပ်သူမှာ ဦးစိုးမိုးလှိုင် ဖြစ်ကာ၊ အသင်းနည်းစနစ် ဒါရိုက်တာမှာ ဘယ်လဂျီယံလူမျိုး Mr.Robert ၊ နည်းပြမှာ ပြင်သစ်လူမျိုး Mr.Roham Girard ဖြစ်သည်။ နည်းပြချုပ်မှာ ဦးဇော်လေးအောင်ဖြစ်ကာ အသင်းခေါင်းဆောင်မှာ ခင်မောင်ထွန်း (နံပါတ် ၇) ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1054 guests and 1 member online