ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ဘက်က သေနတ်ဖြင့် ပစ်သောကြောင့် ပဲခူးမြို့ လူငယ် ၂ ဦး သေဆုံးရသဖြင့် မြို့ခံများအကြား ဒေါသထွက်နေကြရာ ယနေ့ အသုဘတွင် အာဏာပိုင်များက လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သုသာန်သို့ အလျင်အမြန် ပို့ဆောင်ကာ မီးသဂြိုင်္ဟ်ခဲ့ကြသည်။
ယခုလ ၄ ရက်နေ့ ညသန်းခေါင်တွင် ခလရ ၅၉ တပ်သားများနှင့် မြို့ခံလူငယ်များ ခိုက်ရန်ဖြစ်ပွားစဉ် စစ်တပ်ဘက်က ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံးခဲ့သော မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၈ နှစ်) တို့၏ ရုပ်အလောင်းများ သဂြိုင်္ဟ်နိုင်ရေးအတွက် ဒေသအာဏာပိုင်များက လုံခြုံရေး အစီအမံများဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သုသာန်သွားရာ လမ်းတလျှောက်မှ မီးသင်္ဂြိုဟ်စက်အထိ ကြက်ခြေနီ၊
မီးသတ်၊ ရယက၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ ရဲတပ်ဖွဲ့ စသည့် လုံခြုံရေး အင်အားများစွာ ချထားပြီး၊ သရဏဂုံတင်ပြီးနောက် မိသားစုကိုပင် အလောင်းနား အကပ်မခံတော့ဘဲ ကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့ဝင်များက အစအဆုံး လုပ်ဆောင်သွားကြောင်း နာရေးလာသူများက ဆိုသည်။“အသုဘယာဉ်ကို မောင်းတာလည်းဗျာ။ လေယာဉ်မောင်းတာကျနေတာပဲ။ အရမ်းအမြန်မောင်းတာ။ နောက်က ဆိုင်ကယ်တောင် လိုက်မမီဘူး ဖြစ်နေတယ်။ တော်တော်ကို မောင်းပစ်တာ။ အသုဘယာဉ်ရဲ့ ရှေ့မှာလည်း မြို့နယ်မှူးကိုယ်တိုင် ထိုင်ပြီးတော့ ကြီးကြပ်ပြီး လိုက်တာ။ ဟိုလည်းရောက်ရော သူ့စွမ်းအားရှင်တွေဘာတွေ အကုန်လုံး ဝိုင်းရံပြီးတော့ အသုဘယာဉ်ကို ချတယ်” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
နာရေးယာဉ်တန်းကြီးသည် ရင်ခွဲရုံမှ ၇ မိုင်ခန့်ဝေးသည့် ဆင်ဖြူကွင်းသုသာန်သို့ ဇိုင်းဂနိုင်းတောင်ပိုင်း မိန်းလမ်းကြီး၊ ထို့နောက် အနောက်တော၊ ကလျာဏီသိမ်၊ ရွှေသာလျောင်းနှင့် မဟာစေတီ ဘုရားများကို ဖြတ်သန်းသွားရခြင်း ဖြစ်သည်။
ကျန်ရစ်သူ မိသားစုက ယမန်နေ့ အသုဘ ဖိတ်စာထဲတွင် နေ့လည် ၁၂ နာရီတွင် ပဲခူးဆေးရုံကြီး ရင်ခွဲရုံမှ သုသာန်သို့ ပို့ဆောင်မည်ဟု ဖော်ပြသော်လည်း ၁၁ နာရီမခွဲခင်ကတည်းက ကားများ စတင်ထွက်ခွါခဲ့ကြသည်။
“ရပ်ကွက်အတွင်းကနေ လိုက်ပို့တဲ့သူတွေ အားလုံးကိုကျတော့ ၁၁ နာရီခွဲကို ရပ်ကွက်ကနေ ကားထွက်မယ်ဆိုပြီး ကြေညာလိုက်တယ်။ ဒါပေမဲ့ အသုဘ ဖိတ်စာထဲမှာ ကြေညာတာက ၁၂ နာရီ။ ဒီနေ့ကျမှ အားချင်းဆိုပြီး ၁၁ နာရီခွဲဆိုပြီး ကြေညာလိုက်တယ်။ ရင်ခွဲရုံကနေပြီးတော့ ၁၁ နာရီ ၂ဝ လောက်မှာ ထွက်လာတယ်။ သူတို့ အပိုင်းထိပ် ဇိုင်းဂနိုင်းတောင်ပိုင်းကို ရောက်တဲ့ အချိန်မှာ ၁၁ နာရီခွဲပြီ” ဟု ဇိုင်းဂနိုင်း (တောင်ပိုင်း) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
ပို့ဆောင်သူများ လိုက်ပါရန်အတွက် လူဦးရေ ၃ဝ မှ ၄ဝ အထိ ဆံ့သည့် ဘတ်စ်ကား ၁ဝ စီးကို အာဏာပိုင်များက စီစဉ်ပေးခဲ့သလို၊ ကိုယ်ပိုင်ကားများနှင့် ဆိုင်ကယ်များဖြင့် ပို့ဆောင်သူများရှိရာ လူဦးရေ ၂ဝဝဝ ခန့် ရှိခဲ့သည်။
’’သချုင်္ိင်းကုန်းရောက်တဲ့ အချိန်မှာ လူ ၂ဝဝဝ လောက် ရှိမယ်။ ပြောမယ်ဆိုရင်တော့ အစည်းကားဆုံးလို့ ပြောလို့ရပါတယ်’’ ဟု အသုဘပို့ လိုက်ပါခဲ့သူတဦးက ပြောသည်။
အခင်းဖြစ်ပြီး နောက်ရက်နံနက်မှ စတင်ကာ ကျန်ရစ်သူ မိသားစုဝင်များနှင့် မြို့ခံများက သေဆုံးသူများ၏ ရုပ်အလောင်းများ သယ်ယူရေးအတွက် ဆေးရုံကြီးရှိ ရင်ခွဲရုံအနောက်ဘက်တွင် စောင့်ဆိုင်းခဲ့ကြသော်လည်း အာဏာပိုင်များက ခွင့်ပြုခြင်း မရှိခဲ့ပါ။ ရုပ်အလောင်းများ ကြည့်ရှုခွင့်ကိုမူ ယနေ့ နံနက်တွင် အသုဘရှင်များသာ ရရှိခဲ့ကြသည်။
ပဲခူးလူငယ် ၂ ဦး အသုဘသို့ ရန်ကုန်မှ လာရောက်သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ လူငယ်များ၊ မြန်မာ့အလုပ်သမား သမဂ္ဂ မှတ်ပုံတင်ခွင့် ရရှိရေး လှုပ်ရှားသူများ စသည့် ကျောင်းသားလူငယ် ၁၁ ဦးထက် မနည်းကို ပဲခူးတိုင်း အင်းတကော် အရပ်တွင် ရဲများက အချိန်ကြန့်ကြာစေရန် စစ်ဆေးမေးမြန်းပြီးမှသာ သွားရောက်ခွင့် ပြုခဲ့သည်။
ဤတားမြစ်မှုကို ကြုံခဲ့ရသည့် လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူက ’’နိုင်ငံသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်ပြည်တွင်းထဲမှာ လွတ်လပ်စွာ သွားလာခွင့် မရှိဘူး။ တိုင်ချက်ဖွင့်တာ မရှိဘဲနဲ့ လူတယောက်ချင်းစီ ခေါ်စစ်တယ်။ စစ်ဆေးခံရတဲ့ သူတွေကလည်း ဥပဒေနဲ့ ငြိစွန်းမှု မရှိဘူး။ ရွေးကောက်ပွဲ သိပ်နီးနေတဲ့ အချိန်မှာ ဒီလို စစ်ဆေးချုပ်ချယ်မှုတွေ ရှိနေသေးတယ်။ ဒီလိုဆိုရင် ပြည်သူတွေဟာ ဘယ်လိုများ ရွေးကောက်ပွဲကို လွတ်လပ်တဲ့ ဆန္ဒ၊ သဘောဆန္ဒနဲ့ ပေးနိုင်မလဲဆိုတာ ငြင်းစရာ ဖြစ်နေပြီ” ဟု မဇ္ဈိမကို ပြောသည်။
စစ်မှုထမ်းဆောင်ချိန် မဟုတ်ဘဲ တိုင်းပြည် တည်ငြိမ်အေးချမ်းနေသည်ဆိုပြီး ရှေ့တန်းစစ်မှုထမ်းသလို ပစ်လား၊ ခတ်လား လုပ်သည်မှာ တရားဥပဒေ စိုးမိုးမှု အခြေအနေဟု မဆိုနိုင်ကြောင်း သူက ပြောဆိုလိုက်သည်။
သေဆုံးသူ လူငယ်နှစ်ဦး၏ မိသားစုများနှင့် အာဏာပိုင်တို့ ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်ကို မဇ္ဈိမမှ မသိရှိရသေးပါ။







