စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည်

အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ)။      ။ စည်းရုံးရေး ခရီးစဉ်များအပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများအရေး ရှင်းလင်းမည့် ခရီးစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်သည်။

ပထမအဆင့်အဖြစ် လူထုစည်းရုံးရေး ခရီးစဉ်များကို နိုင်ငံတဝှန်း သွားရောက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်အရ ဒုတိယအဆင့်အဖြစ် ယခုခရီးစဉ်ကို သတ်မှတ်ကာ ခရီးစဉ်သစ်များ စတင်ရန် NLD က စီစဉ်လိုက်ခြင်း ဖြစ်သည်။

uownkyaintတိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အနာဂတ် လူငယ်မျိုးဆက်သစ်တွေနဲ့ ပတ်သက်လို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အဲဒါတွေ ပြည်သူသိအောင် အကျေအလည် ချပြမယ့် အစီအစဉ်ပါ။ ဒီသတင်းစကားတွေ ပေးမှာ။ ပထမအသုတ်က စည်းရုံးရေးဆန်တာပေါ့။ အင်အားကို ချိန်ဆကြည့်တာ။ ဒုတိယခရီးစဉ်က နိုင်ငံရေးလုပ်ငန်းသက်သက် ဖြစ်ပါတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ရေးဟာ ကျနော်တို့ လက်ခံထားတဲ့ မူဖြစ်တယ်။ ဘယ်လို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားထားတာကို ရှင်းပြမှာပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေ ပြောမှာပေါ့။ အမြင်ချင်း တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တဦးနဲ့ တဦး နားလည်လာမယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမထည့်မီ ၂ဝဝ၈ အခြေခံ ဥပဒေကို နားလည်စေရန် ရှင်းပြခြင်း၊ မိမိ ရပိုင်ခွင့်များအရ ဥပဒေနှင့်အညီ မဲပေးရေးနှင့် မဲမပေး၍လည်း ရနိုင်ကြောင်း စသည့် ပြည်သူလူထုထံ မှာကြားချက်ကို NLD က ခရီးစဉ်များတွင် ရှင်းပြသွားမည်ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မပြေလည်မှုများကို နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းအဖြေရှာလျှင် ရေရှည်အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က တွေ့ဆုံခွင့်ရရှိစဉ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းကို ပြောဆိုခဲ့သည်။

ယခု ခရီးစဉ် အစပြုရေးအတွက် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်များ အပါအဝင် ၁၅ ဦးခန့်က ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယမန်နေ့က အစည်းအဝေး ကျင်းပကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်နှင့် ခံယူချက်သည် ကောင်းမွန်သည့် သဘောထားများ ဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောသလား၊ မပြောဘူးလားဆိုတာတော့ ကျနော်တို့အနေနဲ့ မသိဘူး။ ဒါပေမဲ့ ရှေ့နေကနေ ပြောလာတယ်ဆိုတော့ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က အဲဒီအပြော၊ အဲဒီအမြင် ခံယူချက်ကတော့ ကျနော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ အယူအဆ၊ သဘောထားတရပ် ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်းအတွင်း ၄ ရက်ကြာ ခရီးစဉ်တွင် ပါတီဝင်များက ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခြင်းကို တညီတညွတ်တည်း ထောက်ခံမှုရယူကာ ပထမခရီးစဉ်ကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့် ခရီးစဉ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်၊ မကွေး၊ ရှမ်း အစရှိသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ် ၂ဝဝ ကျော်သို့ သွားရောက်စည်းရုံးခဲ့ကြသည်။  ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၅ဝ အတွင်း ပထမ ခရီးစဉ်ကို သွားရောက်ခဲ့သည်။

“ပထမခရီးစဉ်က NLD ဆိုတာ ထုနဲ့ထည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်မှာ အခိုင်အမာ၊ ညီညီညွတ်ညွတ်နဲ့ ရှိနေသေးတယ်ဆိုတာကို အသံညှိတဲ့ သဘောပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD က ပါတီဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဆက်လက်ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဦးတိုက် လျှောက်ထားခဲ့သည့် အမှု ၂ မှု လျှောက်လဲချက်များ ပြင်ဆင်ကာ တရားရုံးချုပ်သို့ မကြာမီ တင်ပြသွားမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်း အဆိုအရ သိရသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1451 guests online