သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သပိတ်မှောက်တာ ရှင်းတယ်လို့ ဧရာဝတီလူထုက ဦးတင်ဦးကိုပြော

သပိတ်မှောက်တာ ရှင်းတယ်လို့ ဧရာဝတီလူထုက ဦးတင်ဦးကိုပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။       ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ လူထုလှုပ်ရှားမှု လုပ်နေပြီ ဖြစ်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်း ခရီးစဉ်မှ အပြန် ယနေ့ပြောသည်။

“လူထုကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီလိုပြတ်ပြတ်သားသား သပိတ်မှောက်တာ ရှင်းတယ်တဲ့။ ကျနော်တို့က NLDကိုပဲ မဲပေးချင်တယ်တဲ့။ NLD လာမဝင်တော့ ကျန်တဲ့သူကို မဲမပေးချင်ရင် မပေးနဲ့ပေါ့။ ဒါဘဲရှိတာပဲ” ဟု ဦးတင်ဦးက ပြောသည်။

နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဆုံးကြိမ် ဧရာဝတီတိုင်းသို့ ပြန်လည်ရောက်ရှိသည့် ယခင်လ ၂၈ ရက်မှ စတင်သော ၄ ရက်ကြာ ခရီးစဉ်အတွင်း NLD ပါတီဝင်များ၊ ပါတီဝင် မဟုတ်သူများနှင့် ရွေးကောက်ပွဲကိစ္စ အပါအဝင် လူငယ်နှင့် အမျိုးသမီး ရေးရာ ကိစ္စများလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

U-Tin-Ooကျနော်တို့ သွားနေကြတာ လူထုလှုပ်ရှားမှုအတွက် သွားနေကြတာပေါ့။ ပြည်သူလူထု နားလည် သဘောပေါက်အောင် လုပ်နေတာပေါ့။ လူထုလှုပ်ရှားမှုဆိုတာက အေးအေးချမ်းချမ်းနဲ့ သဘောတူညီရာ ကိစ္စလေးတွေ ဆောင်ရွက်ရမယ့် သဘောပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးတင်ဦး (၈၃နှစ်) သည် ဇာတိမြေ ပုသိမ်သို့ မရောက်သည်မှာ ကြာပြီဖြစ်သော်လည်း ယခု ခရီးစဉ်သည် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန် မဟုတ်ပဲ NLD “လူဟောင်း” များ၊ “လုပ်ဖော်ကိုင်ဘက်” များကို စုစည်းရေးနှင့် ဒေသခံများ၏ မေးမြန်းမှုများကို ဆွေးနွေး ဖြေကြားရန်သာ ရည်ရွယ်ကြောင်း ဆိုသည်။

ဦးတင်ဦးနှင့် အဖွဲ့သည် ပုသိမ်မြို့ “တိုက်ကြီး ဘုန်းကြီးကျောင်း” အနီး စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အလေးပြုကြပြီး မပြီးပြတ်သေးသည့် လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲမည့် အကြောင်း အဓိဋ္ဌာန်ပြုခဲ့ကြသည်။

ပုသိမ်၊ ကျုံပျော်၊ ပန်းတနော်၊ မအူပင်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့များသို့ ရောက်ရှိခဲ့ပြီး သူနှင့်အတူ NLD ဗဟိုအလုပ်အမှုဆောင် ဦးလှဖေ၊ ဧရာဝတီတိုင်း စည်းအဖွဲ့ဝင်များဖြစ်သော ဦးဝင်းမြင့်၊ ဦးကြည်ဝင်းတို့ သာမက ဗဟိုအမျိုးသမီးနှင့် လူငယ်ခေါင်းဆောင်များလည်း လိုက်ပါခဲ့သည်။

ဥပဒေပညာဘွဲ့များ ရရှိထားသူ ဦးတင်ဦးသည် ၁၉၈၈ တွင် နိုင်ငံရေးလောကသို့ ဝင်လာခဲ့ပြီး ၁၉၈၈ စက်တင်ဘာတွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် NLD တွင် ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ယခု ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ဆဲ ဖြစ်သည်။ ၁၉၈၉ တွင် ထောင်ဒဏ် ၇ နှစ်ကျခံရသည်။ ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် ထပ်မံ ဖမ်းဆီးခံရပြီး ကသာထောင်၌ ၉ လ၊ ထို့နောက် နေအိမ် အကျယ်ချုပ်ဘဝမှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်မှ ပြန်လွတ်လာခဲ့သည်။

NLD က ယခုနှစ် ဇွန်လမှစ၍ နယ်မြို့များသို့ ခရီးထွက်နေရာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ရှမ်း (တောင်)၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်များမှ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးသည့် ပါတီ ၄၂ ခုရှိပြီး ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၃၂ ပါတီ ရှိပြီဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။

ယင်းပါတီများအနက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့က အမတ်လောင်း အများစု တင်သွင်းထားသည်။

ရွေးကောက်ပွဲတွင် “ပါဝင်သင့်သူအားလုံး” ပါဝင်ကာ ပွင့်လင်းမြင်သာမှုရှိရမည်ဟု နိုင်ငံတကာက တောင်းဆိုထားသည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကမူ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ဟု ပြောဆိုထားကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1564 guests and 1 member online