ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ထူထောင်ခွင့် မရသေးသည့်အတွက် ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ အပါအဝင် ၁၄ ဦး တသီးပုဂ္ဂ္ဂလအနေဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည် ဖြစ်သည်။
KSPP ပါတီကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ဆက်စပ်နေသည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ထိ ပါတီထောင်ခွင့် မပြုခဲ့ပေ။
ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အင်ဂျန်းယန်မြို့နယ်၊ အတွင်းရေးမှူး ဦးတူးရော်က ဝိုင်းမော်မြို့နယ်မှ ဝင်ရောက် အရွေးခံမည် ဖြစ်သည်။
“KSPP ပါတီက ဒီအတိုင်းဘဲ ရှိနေမှာပါ။ ကျနော်တို့က
မဖျက်လိုက်ဘူး။ ပါတီတခုမှာ ဝင်တဲ့လူက တသီးပုဂ္ဂ္ဂလလို ဝင်ရွေးခံလို့ မရဘူးဆိုတဲ့ ဥပဒေက မရှိသေးတော့ ကျနော်တို့က ပါတီလို ဝင်ပြိုင်လို့ မရတဲ့အတွက် တသီးပုဂ္ဂလလို ဝင်တာပါ״ဟု ပါတီ အတွင်းရေးမှူး ဦးတူးရော်က ပြောသည်။ ယခင်က ကချင်ပြည်နယ် ၁၈ မြို့နယ်၌ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သော်လည်း လက်ရှိတွင် အဓိကအားဖြင့် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်မြို့နယ် ၃ နေရာ၊ အင်ဂျန်းယန်မြို့နယ် ၃ နေရာ၊ ဝိုင်းမော်မြို့နယ်တွင် ၄ နေရာနှင့် ချီဗွေ၊ မိုးမောက်၊ မန်စီ စသည့် မြို့နယ်များမှ မဲဆန္ဒနယ် ၁၄ ခု ၌ ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
KSPP ပါတီတွင် ဗဟိုကော်မတီဝင် ၃၉ ဦးရှိပြီး ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ ချီဗွေ၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်းနှင့် ပူတာအို မြို့အပါအဝင် မြို့ ၁၄ မြို့တွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။
သို့သော် စစ်အစိုးရက ပါတီအမတ်လောင်းစာရင်းများကို ယခင်လ ၃ဝ ရက်နေ့ နောက်ဆုံး တင်သွင်းရန်သတ်မှတ်လိုက်ပြီး ဧပြီလ ၅ ရက်ကတည်းက ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်လွှာတင်ထားသည့် KSPP ပါတီကို ယနေ့ထိ ပါတီထောင်ခွင့် ချမပေးသေးပေ။
လက်ရှိ တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်မည့် KSPP ခေါင်းဆောင်များသည် ကချင်ပြည်သူလူထု၏ အခွင့်အရေးများ၊ ဒီမိုကရေစီအရေးအတွက် လွှတ်တော်အတွင်း၌ တောင်းဆိုနိုင်ရန် ဝင်ပြိုင်ကြောင်း ဦးတူးရော်က ပြောသည်။
“ကျနော်တို့ ကချင်ပြည်နယ်အတွက် နိုင်ငံရေးနည်းလမ်းအရ ဝင်ရမယ်။ လွှတ်တော်ထဲရောက်မှ ပြောဆို လို့ရမယ်။ အပြင်ကဘဲ ပြောနေရင် တရားဝင်မှာ မဟုတ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစားတာဘဲ။ ပြည်သူတွေက ဘယ်မှာ မဲထည့်ရမယ်ဆိုတာ မသိဘူး။ KSPP မရှိရင် ဘယ်ပါတီကို သွားထည့်ရမှာလဲဆိုပြီး ပြောလာလို့ ဝင်တာဘဲ״ဟု ဦးတူးရော်က ပြောသည်။
ယနေ့ထိ ရွေးကောက်ပွဲ ကော်မရှင်က မည်သို့မျှ ပြောဆိုလာခြင်းမရှိသေးသဖြင့် ပါတီဖျက်သိမ်းမည် မဟုတ်ကြောင်း ပါတီအတွင်းရေးမှူး ဦးတူးရော်က ပြောသည်။
“ပါတီဖျက်ဖို့ မဖျက်ဖို့က သူတို့အပိုင်းပါ။ ကျနော်တို့ လျှောက်လွှာကို လက်ခံထားပြီလေ။ သူတို့ တနေ့ပေးလာမလားတော့ မသိဘူး။ ကျနော်တို့ကို မှတ်ပုံတင်ခွင့်မပေးတော့ဘူးဆိုပြီးတော့ မပြောလာသေးသရွေ့ တော့ ကျနော်တို့လဲ KSPP လိုဘဲ နေမှာဘဲ״ဟု သူက မဇ္စျိမကို ပြောသည်။
ထို့ပြင် ၂ဝဝ၁ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့် မရသော်လည်း လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် KSPP ပါတီအား လူမှုရေးအဖွဲ့အဖြစ် ဆက်လက်ထားရှိရန် ရည်မှန်းထားကြောင်း ကချင်အတိုင်ပင်ခံ အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
“KSPP က ရှိအုံးမှာပါ၊ ဒီတခါမပါနိုင်ရင်လည်း နောက်တခါ ဝင်နိုင်အောင်ပေါ့။ ပါတီကိုတော့ ဒီအတိုင်းထားမှာပါ။ သူတို့ အစိုးရ ဖျက်လို့ မရဘူးလေ။ ကချင်ပြည်သူလူထု သဘောအတိုင်း ပါတီထောင်ထားတာ။ နိုင်ငံရေး မလှုပ်ရှားဘဲ လူမှုရေး အဖွဲ့အစည်းလုပ်ငန်းအနေနဲ့ လှုပ်ရှားလို့ရမှာပါ״ ဟု သူက မဇ္စျိမကို ပြောသည်။
လက်ရှိ KIO အဖွဲ့က နယ်ခြားစောင့်တပ်ကို လက်မခံဘဲ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု တန်းတူညီမျှမူဖြင့် စစ်အစိုးရနှင့် ဆက်လက်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု တုံ့ပြန်လိုက်ပြီး ဖြစ်သည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) မှာ အနည်းဆုံး လွှတ်တော် ၇ နေရာမှ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။







