ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးမြစ်ရေသည် ယနေ့နံနက်တွင် ပိုတက်လာနေသော်လည်း အတိုင်းအတာကို မသိရသေးကြောင်း ၁၁ နာရီခွဲက မိုးဇလဌာနက ပြောသည်။
ပဲခူးမြို့ပေါ်ရှိ ရွှေသာလျောင်း လမ်းမကြီး၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း၊ ရွာသစ်၊ ကျွန်းသာယာစသော ရပ်ကွက်များတွင် မနေ့ကထက် ရေတက်လာကာ စာသင်ကျောင်းများ ပိတ်ထားရသည်။
ရေလွှမ်းခံရသော မြို့နေပြည်သူတို့အတွက် အစားအသောက်များကို ပရဟိတဆရာတော် ဦးကိတ္တိနှင့် တပည့်ဒါယကာများက ဝေပေးနေသော်လည်း “ဆိုင်ကယ်တွေ ၊ကားတွေတောင် သွားရလာရ ခက်နေတယ်” ဟု မြို့ခံတဦးက ပြောသည်။
“ဈေးလည်းသွားလို့မရ၊ အရောင်းအဝယ်တွေလည်း လုပ်မရ၊ ဆိုင်တွေလည်း ပိတ်ထားရတယ်၊ ရေကျရင်တောင် မြို့ကိုရှင်းရမှာ မလွယ်သေးဘူး”ဟု ရွှေမောဓော ဘုရားအနီးက ဒေသခံတဦးက ပြောသည်။
ပဲခူးမြို့အာဏာပိုင်များက ရေဘေးကြောင့် အခက်တွေ့နေရသော ပြည်သူများကို မည်သည့် အထောက်အပံ့မှ မပေးကြောင်းလည်း မြို့ခံများကဆိုသည်။
“ပဲခူးမြစ်ရေက နှစ်တိုင်းကြီးနေတာပဲလေ၊ အခုလည်း မြစ်ရေကြီးမယ် ဆိုတာကို သတင်းစာတွေမှာ ကြေညာထားတယ်။ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဖို့လိုတယ်၊ ရေကြီးတာပဲခူးက လူတွေအတွက် အထူးအဆန်း မဟုတ်ဘူး၊ သူတို့နေတတ်တယ်”ဟုပဲခူး မယက တာဝန်ရှိသူတဦးက ပြောသည်။
သြဂုတ်လ ၃ဝ ရက်နေ့လယ်တွင် ပဲခူးအဝေးပြေးယာဉ်ရပ်စခန်းအတွင်း ရေတက်လာပြီး ရန်ကုန်-မန္တလေးလမ်းမကြီး အထက် ရေ ၁ပေကျော်နေသည့်အတွက် အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ်တို့ အသွားအလာ ကျဲနေသည်။
ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်နှင့် ကျေးရွာများသွားရေးလာရေးခက်နေကြောင်းလည်း မြို့ခံများကပြောသည်။
“ရေတက်တဲ့အတွက် ပဲခူးကနေ ရခိုင်ပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းတွေကို ကုန်စည်စီးတာတွေလည်း ပြတ်ကုန်တယ်၊ ပဲခူးရေကြီးတဲ့ ကိစ္စက ပဲခူးတမြို့တည်း ခံရတာ မဟုတ်ဘူး၊ ဆက်စပ် ပတ်သက်တဲ့ တိုင်းနဲ့ပြည်နယ်တွေလည်း ခံရတာပဲ”ဟုပဲခူးမြို့ ရန်ကုန် မန္တလေးလမ်းနေ ယာဉ်ပိုင်ရှင် ဦးလှကျော်သူက ပြောသည်။
ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၁ဝ စင်တီမီတာ အထက်ကို ရောက်ရှိနေကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ နေ့လယ် ၁၂နာရီတိုင်းထွာချက် အဖြေကို ဖေါ်ပြထားသည်။
ပဲခူးမြစ်ရေသည် သြဂုတ်လ ၂၈ ရက် ညနေပိုင်းက စတက်လာသည်။ ၂၉ ရက်ထုတ် အစိုးရသတင်းစာက စိုးရိမ်ရေမှတ် ရောက်ရှိမည်ဟု ကြေညာခဲ့သည်။
ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပဲခူးမြစ်ရေကြီးခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန စာရင်းများအရ သိရသည်။







