နယူးဒေလီ (မဇ္ဈိမ)။ ။ မိုးကောင်းလေ့ရှိသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခုနှစ် မိုးခေါင်သဖြင့် မိုးစပါး စိုက်ပျိုးမှု ထိခိုက်နေကြောင်း ဒေသခံ လယ်သမားများက ပြောဆိုသည်။
“မိုးရွာတာ နည်းပြီး နေပူတဲ့ ရက်က များနေတယ်။ ရွာရင်လည်း ခဏပဲ။ တချို့လယ်ကလည်း စပါးပင်တွေ ကောင်းကောင်း မသန်ဘူး။ ရေမရလို့။ စိုက်ထားတဲ့ ပျိုးပင်တွေ သေတောင် ကုန်တယ်” ဟု ကျောက်ဖြူမြို့နယ် ဒေသခံ လယ်သမား တဦးက မဇ္ဈိမကို ပြောသည်။

စပါးစိုက်ပျိုးချိန် လွန်လာသည့်တိုင်အောင် စပါးများကို ပြီးစီးအောင် မစိုက်နိုင်သည့်အပြင် အချို့လယ်များမှာ ပက်ကြားပင် အက်နေကြောင်း သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တဝှန်း ယခုနှစ် မုတ်သုန်မိုး အဝင်နောက်ကျသဖြင့် ယခုနှစ် မိုးရာသီ အစပိုင်းတွင် မိုးခေါင်ရေရှားမှုများပင် ဖြစ်ပေါ်ခဲ့သေးသည်။
မိုးခေါင်သဖြင့် မိုးစပါး မစိုက်နိုင်သော ဒေသများမှာ ရမ်းဗြဲနှင့် ကျောက်ဖြူ ကားလမ်းတလျှောက်ရှိ ကျေးရွာများ ဖြစ်ကာ၊ ထိုအထဲတွင် မင်းပြင်၊ ကျောက်ပြား၊ ရေနံတောင်၊ ဇင်ချောင်း၊ ကျောက်ပလေ အစရှိသည်များလည်း ပါဝင်ကြောင်း ရခိုင်ပြည်နယ်အတွင်း သတင်းများကို အစဉ်တစိုက် ရေးသားဖော်ပြသည့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် နရိဉ္စရာ သတင်းဌာန၏ သတင်းတရပ်တွင် ဖော်ပြထားသည်။
ကျောက်ဖြူမြို့တွင် ယခုကဲ့သို့ မိုးကောင်းစွာ မရရှိခြင်းမှာ မုတ်သုန်အား မမှန်သည့်အပြင် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသော လေဖိအားနည်း ရပ်ဝန်းများ မရှိသဖြင့် မိုးကောင်းစွာ မရွာသွန်းကြောင်း မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။
ယခင် မိုးရာသီများတွင် ကျောက်ဖြူ တနယ်လုံးတွင် တနှစ် ပျမ်းမျှမိုးရေချိန်မှာ ၁၈၅ လက်မ ရှိကာ ပြီးခဲ့သည့်နှစ်ကပင် ပျမ်းမျှ မိုးရေချိန် လက်မ ၁၆ဝ ရှိခဲ့သည်ဟု သိရသည်။ ယခုနှစ်အတွက် သြဂုတ်လ နောက်ဆုံးပတ်အထိ မိုးရေချိန်လက်မမှာမူ ၁ဝဝ ပင် မပြည့်မီသေးကြောင်း သိရသည်။
“ခါတိုင်းဆို လေဖိအားနည်း ရပ်ဝန်းဖြစ်တာ တလကို ၃ ခုလောက် ရှိတယ်။ အခုတော့ ၃ လလောက် ရှိပြီ၊ လေဖိအားနည်း ရပ်ဝန်း မဖြစ်သေးဘူး။ ဒါက ရခိုင်မှာ မိုးမမှန်ရတဲ့ အကြောင်းပါ” ဟု ဦးထွန်းလွင်က ပြောသည်။ ပုံမှန်အားဖြင့် ရခိုင်ပြည်နယ်တွင် မေလမှ စက်တင်ဘာလထိ ၅ လခန့် မိုးကောင်းစွာ ရွာသွန်းလေ့ရှိသည်ဟု ဆိုသည်။
မိုးတွင်းကာလတလျှောက်လုံး မိုးပြတ်လပ်နေခဲ့သော်လည်း ယခုလ ၂၈ ရက်နေ့မှ စတင်ကာ ယနေ့ထိ ၃ ရက်ဆက်တိုက် မိုးရွာသွန်းမှုများ ရှိလာသဖြင့် ရေခန်းနေသော စပါးခင်းများအတွက် မျှော်လင့်ချက် အနည်းငယ် ရှိပါသေးကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားက ပြောသည်။
“အခုတော့ ရွာနေတာပေါ့နော်။ ဒီအတိုင်း ဆက်ရွာသွားရင် ကောင်းတာပေါ့နော်။ စပါး အားလုံး မဟုတ်တောင်မှ နည်းနည်း ရနိုင်မယ်” ဟု သူက ပြောသည်။
သို့သော် ရန်ကုန်မှ ဆန်ကုန်သည်တဦးကမူ ယခုအချိန်ကျမှ မိုးရွာခြင်းသည် စပါးစိုက်ရန် နောက်ကျလွန်းနေပြီဟု ပြောဆိုသည်။
“မိုးဆက်ရွာဖို့က တလလောက်ပဲ လိုတော့တာ။ ဒီအချိန်မှာ စိုက်ရင် အတော်နောက်ကျနေပြီ။ စပါးထွက်ဖို့၊ မှည့်ဖို့ဆိုတာက အောင်ရေလည်း လိုသေးတယ်” ဟု သူက ဆိုသည်။
ကျောက်ဖြူမြို့နယ်မှ စပါးများကို တရားမဝင် လမ်းကြောင်းများမှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိသော်လည်း ဈေးကောင်းမရသည့်အခါ ရန်ကုန်နှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများသို့ တင်ပို့လေ့ရှိသည်။
ကျောက်ဖြူ မိုးခေါင်မှုကြောင့် စပါးအထွက် ထိခိုက်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးရုံးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပါ။







