သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မိုးသည်းမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်

မိုးသည်းမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လွန်ခဲ့သော ၂ ရက်ခန့်က မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်အတွင်း ကျေးရွာ ၁ဝ ရွာကျော်ရှိ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယခုလ ၂၄ ရက်နေ့ ညပိုင်းနှင့် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဝမ်းတွင်း၊ မလှိုင်နှင့် နွားထိုးကြီး မြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အိမ်မွေးတိရစ္ဆာန်နှင့် နေအိမ်အချို့ ပျက်စီးကာ အိမ်ခြေအများအပြားမှာ ရေနစ်မြုပ်ကုန်ကြောင်း ဒေသခံများ အပြောအရ သိရခြင်း ဖြစ်သည်။

ဝမ်းတွင်းမြို့တွင် ယခုလ ၂၅ ရက်နေ့ နံနက် ၁ နာရီကျော်မှ ၈ နာရီကျော်အထိ မိုးရွာသွန်းခဲ့ရာ မြို့ပေါ်ရပ်ကွက် ၁၊ ၂ နှင့် သဲတောရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ခင်ကြီး၊ မြေတိုင်ကန်၊ စိန်ပန်းပင်၊ ညောင်ပင်သာနှင့် ရေဆုံး ကျေးရွာများ အပါအဝင် ၆ ရွာခန့်တွင် နစ်မြုပ်ခဲ့သည်။

“မိုးက သဲကြီးမဲကြီး ရွာတယ်။ ရေပါတာ များတယ်။ ရပ်ကွက်ထဲက ပဲလှော်၊ ပဲကြော်လုပ်တဲ့ အိမ်တွေ ရေဝင်လို့ ပျက်စီးတာတွေ များတယ်။ အထည်စက်ရုံတွေ ရေဝင်လို့ စက်တွေနဲ့ စုပ်ထုတ်လိုက်ရတယ်။ ဒိုင်နမိုတွေ ရေစိုတယ်။ တော်တော်တော့ အခက်အခဲ ဖြစ်တယ်” ဟု ဝမ်းတွင်းမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် ဒေသခံတဦးက “အိမ်တွေဆိုရင် ခါးပန်းနားထိ ရောက်တယ်။ ရပ်ကွက်ထဲက လူတော်တော်များများက ကုန်းကျတဲ့ သဲတောဈေးထဲက ဈေးတန်းတွေမှာ အိပ်ရတယ်” ဟု ပြောသည်။

ဒုက္ခသည်များကို ရေဘေးကင်းလွတ်သူများက ထမင်းထုပ်များ ပေးဝေကြပြီး လူအသေအပျောက် မရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် သပြေဝတိုးဂိတ်မှ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွှေတောင်မြို့အထိ ကားလမ်းပေါ်တွင် ရေကျော်ခဲ့သဖြင့် ၂၅ ရက်နေ့တွင် ၅ နာရီခန့်ကြာ ကားအသွားအလာများ ရပ်ဆိုင်းခဲ့သည်။

မလှိုင်မြို့နယ်တွင်လည်း ၂၅ ရက်နေ့ နံနက် ၃ နာရီခန့်မှ ၁ဝ နာရီခွဲခန့်အထိ မိုးရွာသွန်းသဖြင့် မြို့နယ်အတွင်း တည်ရှိကာ အိမ်ခြေ ၃၂ဝ ကျော်ရှိသည့် သုံးတောင်ကျေးရွာတွင် အိမ် ၂ဝဝ ခန့် ရေမြုပ်ပြီး ထိုအထဲမှ ၂ဝ ခန့်မှာ လုံးဝ ပျက်စီးသွားသည်။

“တချို့ နိမ့်တဲ့ အိမ်တွေဆိုရင် အိမ်တစက်မိတ်အထိ ရောက်တယ်။  ရွာထဲက စပါးကျည် ၃ လုံး ရေထဲမှာ မြုပ်သွားတယ်။ မီးဖိုချောင် ၃ လုံး မိုးရေထဲမှာ ပါသွားတယ်” ဟု မလှိုင်မြို့ခံတဦးက ပြောသည်။ ထို့အပြင် ခိုင်းနွား ၂၅ ကောင်၊ နွားမကြီး ၁၈ ကောင်၊ ဆိတ် ၂၅ ကောင်၊ သိုး အကောင်ရေ ၅ဝ၊ ဝက် ၂ဝ သေဆုံးသည်။

မလှိုင်မြို့နယ် အာဏာပိုင်များက မိထ္ထီလာရှိ ဆန်ကုန်သည်ကြီးများအသင်းကို အကူအညီတောင်းသဖြင့် ဆန်အိတ်အချို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မလှိုင်မြို့နယ်၌ နှောကန်၊ သုံးတောင်နှင့် သမန်းတန်း ကျေးရွာများ၌ ရေ ၄  ပေခွဲခန့်အထိ ဝင်ရောက်ခဲ့သဖြင့် နေအိမ်အချို့ ပြိုကျပျက်စီးပြီး ကျွဲ၊ နွားတိရစ္ဆာန်အချို့ ဆုံးရှုံးမှုများ ရှိခဲ့ကြောင်းနှင့် လူ သေဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။

နွားထိုးကြီးမြို့နယ်၌ ၂၄ ရက်နေ့ ည ၁ဝ နာရီမှ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်အထိ မိုးရွာခဲ့ရာ ဒေါင့်ဘိုကျေးရွာအုပ်စု ငါ့စည်ကျေးရွာ၌ ရေများဝင်ရောက်ခဲ့သဖြင့် ကျေးရွာအပြင်ဘက်၌ နေထိုင်သူ မိသားစုတစုမှ ၅ နှစ်သား ကလေးငယ် ရေနစ်သေဆုံးကာ ကျွဲ၊ နွား တိရစ္ဆာန်အချို့ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ရေဘေးဒုက္ခသည်များကို ဒေသအာဏာပိုင်များ၊ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီပံပိုးလျက်ရှိကာ ချို့ယွင်းပျက်စီးသည့် လမ်းနေရာကို ပြုပြင်နေကြောင်းနှင့် ယခုအခါ ရေများ ကျဆင်းသွားပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အသေးစိတ် အခြေအနေကို သိရှိနိုင်ရန် ဒေသအာဏာပိုင်များထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့က ဖြေဆိုခဲ့ခြင်း မရှိပါ။

မိုးရေနစ်မြုပ်ခဲ့သည့် ယခုဒေသများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲနှင့် ဂျုံများ စိုက်ပျိုးသော်လည်း ယခုအချိန်တွင် စိုက်ပျိုးမှု မရှိသေးကြောင်း သိရသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1549 guests and 1 member online