သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လက်နက်မချလိုကြောင်း ကချင်ကိုယ်စားလှယ်အများစု တင်ပြ

လက်နက်မချလိုကြောင်း ကချင်ကိုယ်စားလှယ်အများစု တင်ပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။      ။ လက်နက်ချရန် စစ်အစိုးရက ပြောကြားပြီးနောက် ပြုလုပ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ကွန်ကရက်သို့ တက်ရောက်လာသော ကိုယ်စားလှယ်အများစုက လက်နက်မချလိုကြောင်း တင်ပြကြသည်။

စစ်အစိုးရက စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အဖြေပေးရန် ရာဇသံပေးထားသည်။ ယနေ့ စတင်ပြုလုပ်သော လိုင်ဇာမြို့ အလန့်တောင်တွင် ဖွန်မိုင်ခန်းမတွင် ကွန်ကရက်ကို ကျင်းပလျက်ရှိပြီး မနက်ဖြန်တွင် အဆုံးသတ်မှာ ဖြစ်သည်။
KIO
KIO ၏ တိုင်းဒေသ ၇ ခု၊ ခရိုင် ၁၈ ခုတို့မှ ဌာနဆိုင်ရာ ကိုယ်စားလှယ် ၁၄ဝ ဦးခန့် တက်ရောက်ခဲ့ပြီး ယင်းတို့၏ တင်ပြပြောဆိုမှုများအရ KIO အဖွဲ့သည် လက်နက်ချမည် မဟုတ်ဆိုသည့် တင်ပြခဲ့ကြောင်း ညီလာခံ တက်ရောက်သူ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့က ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တင်ပြကြတယ်။ အဲဒီထဲက အရင်လိုပဲ လက်နက်ကိုင်မယ်လို့ တင်ပြတာ များတယ်။ အရင်လိုပဲ နေရအောင်လို့ တင်ပြတာများတယ်။ ဒီနေ့က အဆုံးမသတ်သေးဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်ချတာ မရှိသေးဘူး။ သူတို့ ရေးလာတာတွေ၊ သူတို့သဘောထားတွေ တင်ပြတာပဲ ရှိသေးတယ်။ ကျနော့်အနေနဲ့ဆိုရင်လည်း ဘယ်လိုမှ လက်နက်ချမှာ မဟုတ်ဘူး״ ဟု KIO အရာရှိက ပြောသည်။

KIO ၏ စစ်ဘက်တပ်သားများ စစ်ရေးပြင်ဆင်မှုများ ရှိခြင်းကြောင့် ယနေ့ ကျင်းပသည့် ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း KIO တပ်ဖွဲ့ဝင် တဦးက မဇ္စျိှမကို ပြောသည်။

“အခုလောလောဆယ် စစ်ဘက်မှာဆို စစ်ရေးပြင်ဆင်နေရတယ်။ နှစ်ဦးနှစ်ဖက်ပဲ၊ ဒါကြောင့် အခု အစည်းအဝေးမှာတောင် စစ်ဘက်က တက်ရောက်ခွင့် မရဘူး။ ကိုယ့်တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ကိုယ့်ဒေသတွင်းမှာ အဆင်သင့် ပြင်ဆင်ခိုင်းထားတယ်״ ဟု သူက ပြောသည်။

KIO အဖွဲ့ကို စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုလ ၂၂ ရက်နေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံစဉ် လက်နက်ချရန်နှင့် အကယ်၍ လက်နက်မချပါက ယခင် အပစ်အခတ် မရပ်စဲမီက အချိန်ကကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ပြောဆိုခဲ့သည်။

KIO ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် နယ်ခြားစောင့်တပ်မှ ဦးဇုန်တိယိမ်းနှင့် ပြည်သူ့စစ် ပြောင်းလိုက်သည့် ဦးလဆန်အောင်ဝါတို့နှင့် ဆက်လက်တွေ့ဆုံခဲ့ရာ KIO ဝန်ထမ်းဟောင်းများနှင့် တရားဝင် နုတ်ထွက်ခဲ့သည့် ဝန်ထမ်းများကို လာမည့်လတွင် ဖမ်းဆီးရန် ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ပြည်သူ့စစ်တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် KIO ပါဝင်မည် မဟုတ်သကဲ့သို့၊ နှောင့်ယှက်ဟန့်တားမည်လည်း မဟုတ်ကြောင်း KIO က ပြောဆိုခဲ့ပြီး ဖြစ်သည်။

ယခုလ ၁၄ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင်လည်း KIO နှင့် ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များကို ခေါ်ယူ၍ အမြင်များ၊ အကြံဥာဏ်များ တောင်းဆိုခဲ့ရာ ယင်းသဘောထားအမြင်များကိုလည်း ယခုကျင်းပသည့် ညီလာခံ၌ ဆုံးဖြတ်ကြမည် ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်ဖွဲ့စည်းရေးကို လာမည့်လ ၁ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရန် ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ပြောကြားခဲ့သည်။

ယခုလ ၂ဝ ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ခေါင်းဆောင်များနှင့် တန့်ယန်းမြို့၌ တွေ့ဆုံစဉ် စက်တင်ဘာလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်များ၏ လုံခြုံရေးအတွက် စစ်အစိုးရတပ်ကို ဝ’ ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ၄ မြို့နယ်အတွင်းသို့ စေလွှတ်မည်ဟု ပြောဆိုခဲ့သည်။

သို့သော် UWSA က လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။



 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1568 guests and 1 member online