စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဓာတ်ငွေ့ကိစ္စ လွှတ်တော်ထဲတွင် ရှင်းမည်ဟု ရခိုင်ပါတီ ပြောဆို

ဓာတ်ငွေ့ကိစ္စ လွှတ်တော်ထဲတွင် ရှင်းမည်ဟု ရခိုင်ပါတီ ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္စျိမ) ။      ။ ရခိုင်ပြည်နယ်ထွက် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့် ရရှိရေးအတွက် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ဆွေးနွေးတင်ပြသွားမည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ Rakhing Nationalitics Development Party - RNDP သည် ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် ၁၄ မြို့နယ်ထက်မနည်း ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကာ ရန်ကုန်၊ ဧရာဝတီနှင့် မန္တလေးတိုင်းတွင်ပါ ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေးဆင်းမှာဖြစ်သည်။

’’သဘာဝဓာတ်ငွေ့ကိစ္စအပြင် ရပိုင်ခွင့်သယံဇာတဆိုင်ရာတွေကို လွှတ်တော်မှာ ဥပဒေဘောင်အတွင်းကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိစ္စတွေ၊ ကလေးတွေ စာမသင်နိုင်တာ၊ စီးပွားရေး မဖွံ့ဖြိုးတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေအတွက် ပါပါတယ်။ အဲဒီအတွက် ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ရတာပါ’’ ဟု RNDP ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
naturalgas
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ခက်ခဲကာ ဖွံ့ဖြိုးတိုးတက်မှုလည်း နိမ့်ကျနေပြီး၊ ဆင်းရဲချို့တဲ့သဖြင့် စာမသင်နိုင်သည့် ကလေးပေါင်း ၂၅ ရာခိုင်နှုန်းခန့် ရှိကြောင်း သူက ဆက်ပြောသည်။

RNDP ကို ထောက်ခံသည့် စစ်တွေမြို့ခံတဦးက ’’ရခိုင်ဓာတ်ငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တရုတ်ကို ရောင်းတဲ့အခါ ရခိုင်ပြည်သူတွေအတွက် ခံစားခွင့်အကျိုးကို ဘယ်လိုဆောင်ရွက်ပေးမှာလဲဆိုတာ လွှတ်တော်မှာ တင်ပြရမယ့် ကိစ္စပါ။ ဒါကို တင်ပြမယ်လို့ ကျနော်တို့ကို ပြောတယ်’’ ဟု ပြောသည်။

ကျောက်ဖြူမြို့အနီး ဘင်္ဂလားပင်လယ်အော်တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို လုပ်ကိုင်ရာ တနေ့လျှင် ကုဗပေသန်း ၅ဝဝ ထုတ်လုပ်နိုင်ကာ၊ ဓာတ်ငွေ့ပမာဏ ၄ ဒဿမ ၅ ထရီလျံမှ ၇ ဒဿမ ၇ ထရီလျံ ကုဗပေ အထိ ရှိနိုင်ကြောင်းနှင့် ယင်းပမာဏမှာ နောင် ၂၅-၃ဝ နှစ်အထိ ထုတ်လုပ်နိုင်ကြောင်း ရွှေဂက်စ် စီမံကိန်းကို လေ့လာနေသူများက ဆိုသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ နိုင်ငံခြားသို့ ထုတ်လုပ် ရောင်းချနေသော်လည်း ရခိုင်ဒေသခံများအနေဖြင့် တစုံတရာ အကျိုးခံစားခွင့် မရရှိဘဲ လျှပ်စစ်မီးပင်လျှင် မြို့တော်စစ်တွေ၌ တနေ့ ၃ နာရီခန့်သာ ရရှိကြောင်း ဒေသခံများက ထောက်ပြပြောဆိုလေ့ရှိသည်။

’’စစ်တွေမှာ နွေရာသီရတဲ့ လျှပ်စစ်က တနေ့ကို ၃ နာရီမပြည့်ဘူး။ မီးလာတဲ့အချိန်လည်း ဗို့အားမပြည့်ဘူး။ ကိုယ့်ဒေသက ထွက်တဲ့ ဓာတ်ငွေ့တွေကို ပြည်နယ်သားတွေအတွက် ဘာမှ အကျိုးအမြတ် မရဘူးဆိုရင် တရားသလား၊ မတရားသလား ဆိုတာ တွေးတောဖို့ လိုပြီ’’ ဟု ရန်ကုန်ရှိ ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။

ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖတဦးကမူ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ လယ်ယာမြေများ သိမ်းပိုက်ခံနေရမှုများ၊ ဒေသခံရပ်ရွာများ ပြောင်းရွှေ့ခံရနေရမှုများ စသော ဆိုးကျိုးများနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည့် ပါတီများမှာ RNDP အပြင် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို ခေါ် ခမီအမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသားပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်၊ ကမန်အမျိုးသား တိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ကြံ့ဖွံ့ ပါတီတို့ ဖြစ်သည်။

’’ကျနော်တို့အနေနဲ့က ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီကို ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ယုံကြည်တာကတော့ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေဟာ ကျနော်တို့ပါတီကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြလိမ့်မယ်လို့ ယုံကြည်တယ်’’ ဟု ကျောက်ဖြူမြို့ခံက ဆိုသည်။

RNDPပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်မှလွဲပြီး ကျန်ခေါင်းဆောင် အများစုမှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ဖူးသူများ ဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1452 guests online