သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဝ' တပ်ကို မတရားအသင်းနှင့် ခြိမ်းခြောက်ပြန်

ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဝ' တပ်ကို မတရားအသင်းနှင့် ခြိမ်းခြောက်ပြန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နောက်လအတွင်း ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ် ကို မတရားအသင်း ကြေညာပြီး စစ်အစိုးရတပ်များကို ဖြန့်ကြက်သွားမည်ဟု စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ထပ်မံခြိမ်းခြောက် သွားကြောင်း ယုံကြည်စိတ်ချရသော ဝ' ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလ ၂ဝ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဝ' ကိုယ်စားလှယ် နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးလာခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် စေ့စပ်ညှိနှိုင်းရေးနှင့် စစ်ဘက်ရေးရာ လုံခြုံရေး-စရဖ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က ပြောသွားသည်။

yemint နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံမှုကြောင့် ဝ' တပ် ကို နေပြည်တော်က အမျက်ထွက်နေဟန်ရှိကာ ဝ' ထိန်းချုပ်နယ်မြေများ ဖြစ်သည့် သံလွင်မြစ်အရှေ့ခြမ်းရှိ ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းတို့၌ အုပ်ချုပ်ရေးလာချမည်ဟု ဆိုခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မတရားအသင်း ကြေညာမည်ဟု ယခင်ကလည်း ခြိမ်းခြောက်ဖူးသဖြင့် တပ်အင်အား ၂ သောင်းကျော်ရှိသော ဝ' ခေါင်းဆောင်များက အလေးအနက်မထားဟန် ရှိသည်။
ဝ' နယ်မြေမှာ ရွေးကောက်ပွဲ လုပ်ခွင့်မပြု

သို့သော်လည်း ဝ' ဘက်က စစ်ကို စတင်တိုက်မှာ မဟုတ်ကြောင်းနှင့် နအဖတပ်များပေါ်တွင်သာ မူတည်သည်ဟု ဝ' ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

“ဝ' က ဆွေးနွေးဖို့ပဲလေ။ တိုက်မယ် မတိုက်ဘူးဆိုတာ သူတို့ (နအဖ) က အဓိကပဲ။ ဘယ်သူမဆို ကိုယ့်ရပ်၊ ကိုယ့်ခြံ၊ ကိုယ်မြေမှာ ရမ်းကားလာရင်တော့ ကာကွယ်ရမှာပဲလေ။ အခြေအနေက တင်းမာနေတယ် ပြောလို့ရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသော ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းပါ ၆ မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် တွင်သာ ရွေးကောက်ပွဲ လုပ်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။ ကျန် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်များတွင်မူ ရွေးကောက်ပွဲ လုပ်ခွင့် မပြုကြောင်း သိရသည်။

ဟိုပန်နှင့် မက်မန်းတို့တွင် စစ်အစိုးရတပ်များ ထိန်းချုပ်ထားပြီး ကျန်မြို့နယ် များတွင် ဝ' တပ်က ထိန်းချုပ်ထားသည်။

ယခုလ ၁၁ ရက်နေ့က ရွေးကောက်ပွဲကော်မရှင် ကြေညာချက်တွင် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်း မြို့နယ်များကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ အဖြစ်ထည့်သွင်းပြီး ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ်ကိုမူ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ မဲဆန္ဒနယ်အတွင်း ထည့်သွင်းထားသည်။

အငြင်းပွားဖွယ်တခုမှာ မိုင်းပေါက်ခရိုင်ကို ဝ' တပ် က သူတို့နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း စစ်အစိုးရက အသိအမှတ်မပြုချေ။ မိုင်းပေါက် ခရိုင်တွင် မိုင်းဖျံ၊ မန့်မိန်း၊ မိုင်းပေါက်၊ ဟိုတောင်း၊ မိုးညှင်း စသည့် ၅ မြို့နယ်ပါဝင်သည်။ မိုးညှင်းကိုမူ ကြားမြို့နယ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“အခုဟာက ရွေးကောက်ပွဲသာ လုပ်မယ်ပြောတယ်။ ပညာပေးမှု ဘာမှမရှိဘူး။ ရွေးကောက်ပွဲဆိုတာ ဘာလဲတောင် မသိဘူး။ ဝ' မပြောနဲ့ ဗမာပြည်တပြည်လုံးက အော်နေကြတယ်မဟုတ်လား။ အရင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲတုန်းကလည်း ကိုယ့်ဟာကိုယ်မဲထည့်ပြီး ဆန္ဒခံယူပွဲလို့ ဘယ်လိုပြောမလဲ၊ အများစုက ဘာမှမသိဘူး။ စကားပြန်တောင် မရှိဘူးလေ” ဟု ဝ' ဒေသခံတဦးက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ဝ' တပ်နှင့်တွေ့ဆုံအပြီး နေ့ခင်းပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ခေါ် မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံလူ ဦးဆောင်သည့်အဖွဲ့နှင့် ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံကာ အလားတူ တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံသည့် မိုင်းလား အဖွဲ့ကလည်း သူတို့နယ်မြေအတွင်း ရွေးကောက်ပွဲ လာလုပ်မည်ကို မလိုလားကြောင်း သိရသည်။

မိုင်းလားမြို့နယ်အား ရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ်တွင် ထည့်သွင်းထားသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1566 guests and 1 member online