နယူးဒေလီ (မဇ္ဈိမ) ။ ။ အာဏာပိုင်များ လယ်မြေသိမ်းသည့်ကိစ္စကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO)သို့ တိုင်တန်းပေးသဖြင့် အကျဉ်းချခံရသည့် မကွေးတိုင်း အောင်လံမြို့နယ်မှ ကိုမြင့်မောင်နှင့် ကိုသူရအောင်တို့ အယူခံ အနိုင်ရသဖြင့် ယနေ့ သရက်ထောင်မှ ပြန်လွတ်လာသည်။
၎င်းတို့ မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခွင့် ရရေးအတွက် အောင်လံခရိုင်နှင့် မကွေးတိုင်း တရားရုံးများတွင် အယူခံ ဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် မန္တလေးရှိ ဗဟိုတရားရုံးသို့ ဆက်တက်ခဲ့ရာ ယခုလ ၂ ရက်တွင် ပြစ်ဒဏ်များ လျှော့ပေးသဖြင့် ပြန်လွတ်လာကြသည်။

“ခံဝန်ချက် ထိုးရတာတော့ မရှိဘူး။ ဒါပေမဲ့ ဗဟိုတရားရုံးချုပ် မန္တလေးရဲ့ အမိန့်စီရင်ချက်မှာက ကျနော်တို့ကို တစုံတရာ အပြစ်ရှိတယ်ဆိုတဲ့ အရေးအသားနဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာပါ။ အမှုကို ပယ်ဖျက်ပေးတာ မဟုတ်ဘူး။ အမှန်က အပြစ်ဒဏ် လုံးလုံး ပယ်ဖျက်ပေးရမယ်” ဟု ကိုမြင့်မောင်က မဇ္ဈိမကို ပြောသည်။
ကိုမြင့်မောင်ကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၇ ရက်တွင် မြို့နယ်တရားရုံးက အကျိုးစီးပွား ဖျက်ဆီးမှု (ပုဒ်မ ၄၂၇) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရာမှ ဗဟိုတရားရုံးက ပြစ်ဒဏ် ၆ လသို့လည်းကောင်း၊ ၂ဝဝ၈ ခု နှောင်းပိုင်းတွင် ဖမ်းဆီးခံရသော ကိုသူရအောင်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှု (ပုဒ်မ ၆ - ၁) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီးမှ ၁ နှစ်သို့လည်းကောင်း ဗဟိုတရားရုံးက လျှော့ပေးခဲ့သည်။
“စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မတွေနဲ့ ကျနော်တို့က လုံးဝ ကျူးလွန်မှု မရှိဘူးလို့ ချေပရှင်းခဲ့ပြီးသား ဖြစ်တယ်။ ကျနော့်ကို အကျိုးစီးပွား ဖျက်ဆီးမှုနဲ့ မတော်မတရား စွပ်စွဲခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်ရဲ့ ကိုယ်ရေး ရာဇဝင်ကို စွန်းထင်းစေတဲ့အတွက် လက်ခံမှာ မဟုတ်ဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အာဏာကို တစုံတရာ ကိုင်စွဲထားတဲ့ ဘယ်အာဏာပိုင်ကိုမဆို တရားနည်းလမ်းကျစွာ ဆက်လက် တောင်းဆိုသွားမယ်” ဟု ကိုမြင့်မောင်က ပြောသည်။
၂ဝဝ၇ ခု နိုဝင်ဘာလတွင် မြန်မာ့ဦးပိုင် အမှတ် ၅ ရုံးဆိပ်သကြားစက် အာဏာပိုင်များက ယာမြေများကို သိမ်းယူကာ ကြံစိုက်ခိုင်းသဖြင့် မကျေနပ်ရာမှ အောင်လံမြို့နယ်အတွင်းရှိ စမ်းတောင်ကွင်း၊ စားကျက်တော၊ ရွာထောင်၊ ဆာပါ၊ စမ်းကလေး၊ ကျောင်းစု၊ ရွာမစု၊ ရေတွင်းစု ရွာများမှ တောင်သူ ၇ဝ နှင့် မြို့လှရွာသား ၅၇ ဦးက ၂ဝဝ၈ ခုတွင် ILO သို့ တိုင်ကြားခဲ့သည်။
၂ဝဝ၉ ခု မတ်လတွင် အလုပ်သမားရေးဝန်ကြီးဌာနနှင့် ILO အရာရှိများ အခင်းဖြစ်ပွားရာသို့ လာရောက်ပြီး မူလအတိုင်း ပြန်လည်လုပ်ပိုင်ခွင့်ပြုကြောင်း နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သည်။
သို့သော် ၂ဝဝ၉ ခု ဇွန်လက နှမ်းနှင့် ပဲတီစိမ်း စိုက်ရန် ထယ်ရေးပြင်နေသည့်တောင်သူများကို မြို့နယ်နှင့် သကြားစက် အာဏာပိုင်များက ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲပြီး တိုင်ကြားပေးသူ ၁၁ ဦးကိုပါ ဖမ်းဆီးကာ အောက်တိုဘာ ၁၆ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် အနည်းဆုံး ၉ လ မှ အများဆုံး ၄ နှစ်ခွဲအထိ ချမှတ်ခဲ့သည်။
အောင်လံမြို့နယ် စမ်းကလေးရွာမှ ဦးသန်းစိုး အပါအဝင် တောင်သူ ၁၁ ဦးကို မကွေးတိုင်း တရားရုံးက ထောင်ဒဏ် ၄ လစီ ပြင်ဆင်ပြစ်ဒဏ်ချပြီးနောက် ထောင်ချုပ်ရက်နှင့် ပြစ်ဒဏ်ကိုက်ညီနေသဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာခဲ့ကြသည်။
ILO နှင့် ပူးတွဲလုပ်ကိုင်နေသည့် အောင်လံမြို့နယ် ညောင်ပင်ဝိုင်းရွာမှ ဦးဌေးအောင်၊ ကိုဇော်ဌေး၊ ဦးအေးမြင့်နှင့် ဦးဉာဏ်မြင့်တို့ကို ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့သော်လည်း သရက်ထောင်မှ ယခုထက်ထိ မလွတ်သေးပေ။ ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဦးဖိုးဖြူမှာကား ယခုနှစ် မတ်လ ၅ ရက်နေ့က လွတ်လာခဲ့ပြီ ဖြစ်သည်။






