သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗကပ က ဘုံလုပ်ငန်းစဉ်အတွက် တိတ်တဆိတ် ညှိနှိုင်းလို

ဗကပ က ဘုံလုပ်ငန်းစဉ်အတွက် တိတ်တဆိတ် ညှိနှိုင်းလို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ ဖွဲ့စည်းရေး ပါဝင်သည့် ဘုံလုပ်ငန်းစဉ်တခုအား အဖွဲ့အစည်းများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေးညှိနှိုင်းလိုကြောင်း ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်တင်ပြခဲ့သည်။

ကြံ့ဖွံ့ပါတီ အနိုင်ရရေးကိုသာ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲကို လက်မခံသည့် ဗကပ က “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် Minimum Common Programme” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်ပြီး ပြည်သူ့အင်အား People Power စုဆောင်းရေးကို “ရည်မှန်းချက်” ထားရမည်ဟုလည်းဆိုသည်။

pTamarနိုဝင်ဘာ ရွေးကောက်ပွဲတွင် ငွေကြေးအဆင်ပြေပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ရထားသော ကြံ့ဖွံ့ပါတီကသာ အမတ်အများစု ရသွားမည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း ပြောဆိုနေကြသည်။

ရွေးကောက်ပွဲအပြီး၌ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်၍ အရှိန်ရလာပြီး သင့်လျော်သည့် ကာလ တခုတွင် ၁၉၉ဝ အနိုင်ရ NLDနှင့် CRPP တို့က “ယာယီအစိုးရ” ဖွဲ့သင့်ကြောင်း ဗကပက အကြံပြုထားသည်။

ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “အရင်ဆုံးလုပ်ရမယ့်ဟာက ပြည်သူလူထု ထောက်ခံမှုရတဲ့ လှုပ်ရှားမှုကြီးတခု ဖြစ်လာဖို့ပါ။ ပြည်သူထောက်ခံမှု မရှိရင် ပြိုကွဲသွားမှာပဲ။ နအဖ စစ်အုပ်စုရဲ့ အုပ်စိုးမှုအောက်မှာပဲ မြေအောက်သဏ္ဌာန်နဲ့ရော မြေပေါ်သဏ္ဌာန်နဲ့ပါ ပြန်ပြီး လုံးပန်းကြရမှာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကမူ “ယာယီအစိုးရ” ဖွဲ့စည်းရေးကိစ္စ ပြောရန် အချိန်စောသေးသည် ဆိုသော်လည်း ရွေးကောက်ပွဲပြီးလျှင်လည်း ပြည်သူများပေးထားသည့် ၉ဝပြည့် ရလဒ်ကို ဆက်လက်ကိုင်စွဲသွား မည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံသို့ ဦးဆောင်ပေးမည့် လုပ်ငန်းစဉ်တရပ် မဟုတ်ဟု သုံးသပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟု ရွေးကောက်ပွဲကို သပိတ်မှောက်သည့် CRPP က ယုံကြည်ထားသည်။

ရွေးကောက်ပွဲပြီးသော်လည်း ပြည်သူနှင့် နအဖကြား၊ တိုင်းရင်းသား အင်အားစုနှင့် နအဖ ကြား၊ နအဖနှင့် နိုင်ငံတကာကြားရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူပြီး ဆက်လက် ကြိုးပမ်းသွားမည်ဟု ဦးအေးသာအောင်က ဆိုသည်။

“အဲဒီမှာ ပြည်သူတွေ ပါလာအောင် ပြည်သူတွေနဲ့လက်တွဲမယ်။ ပြည်သူတွေဟာ စီးပွားရေးအရ ကျပ်တည်းသထက် ကျပ်တည်းလာတယ်။ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဆန့်ကျင်တိုက်ပွဲဝင်ကြဦး မယ်” ဟု ဦးအေးသာအောင် ကပြောသည်။

NLD အနေဖြင့်လည်း မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းပြီး ပါတီကျစ်လစ် ခိုင်မာရေး တည်ဆောက်နေပြီး အခြား အင်အားစုများနှင့်လည်း ဆက်စပ်စည်းရုံး လှုပ်ရှားနေကြောင်း၊ ရွေးကောက်ပွဲအပြီး၌လည်း လှုပ်ရှားနေဦးမှာဖြစ်ကြောင်း ထောက်ပြသည်။

ဗကပ၏ “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်” တင်ပြချက်အတွင်း၌ လက်ရှိစစ်ခေါင်းဆောင်များနှင့် ဆွေးနွေး မှုသည် “ကျွဲပါးစောင်းတီး” သာဖြစ်သဖြင့် တပ်မတော်အား ပြုပြင်လိုသည့် အရာရှိအရာခံများကို “စေ့စပ်ဆွေးနွေးဘက်” အဖြစ် စည်းရုံးရမည်ဟုဆိုသည်။ သို့သော် အသေးစိတ်ကို ကြိုတင်ပြော ရန် မဖြစ်နိုင်ကြောင်း ရဲဘော်ဖိုးသံချောင်းကပြောသည်။

သို့သော် ယခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်ခံရမည့် အမတ်များနှင့်ပတ်သက်၍မူ “အဲဒီလှုပ်ရှား မှုကြီးမှာ သူတို့ ဘယ်လိုပါဝင်မလဲ။ သေချာတာတခု ကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပြီး သူတို့ကို နေရာပေးမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒီဟာက ၂ဝ၁ဝ နဲ့ လုံးဝမဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်” ဟု သူကဆိုသည်။

ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ သပိတ်မှောက်ပြီး လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရေး ဆက်လက်ကြိုးပမ်းရမည်ဆိုသည့် ယူဆချက်များနှင့် မတူပဲ လွှတ်တော်အတွင်းမှသာ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ထားသည်။

“ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်ရမှာပေါ့။ ကျနော်တို့လည်း ရွေးကောက်ပွဲပြီးလည်း ကိုယ့် နည်းကိုယ့်ဟန်နဲ့ လွှတ်တော်အားဖြင့် လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ သွားတဲ့လမ်းမှာ အဝေးကြီး လိုသေးတာကိုး” ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေကပြောသည်။

ငွေကြေး အခြေအနေကြောင့် အမတ်လောင်း ၁ဝဝ ဝန်းကျင်သာ တင်သွင်းနိုင်မည်ဟုဆိုသည့် ဒီမိုကရက်တစ်ပါတီက သူတို့ပါတီနည်းတူ အခြားပါတီများလည်း အခက်ခဲကြုံနေရသဖြင့် လွှတ်တော်အတွင်း၌ ကြံ့ဖွံ့ပါတီကသာ အမတ်အများစု ရသွားမည်ဖြစ်ကြောင်း ယမန်နေ့က “ရွေးကောက်ပွဲ ကြေညာစာတမ်း” ထုတ်၍ ဖော်ပြထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပါတီများ ယှဉ်ပြိုင်ရမည့် အမတ်ဦးရေမှာ ပြည်သူ့လွှတ်တော်အတွက် ၃၃ဝ ၊ အမျိုး သားလွှတ်တော်အတွက် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၆၈၉ ဦး ဖြစ်ပြီး စုစုပေါင်း ၁၁၈၇ ဦး ရှိ မည်ဖြစ်သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1642 guests and 1 member online