သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွေးကောက်ပွဲနီးလို့ ဆိုက်ရောက်ဗီဇာ ပိတ်

ရွေးကောက်ပွဲနီးလို့ ဆိုက်ရောက်ဗီဇာ ပိတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲ ကာလအတွင်း ကမ္ဘာလှည့် ခရီးသွားများကို ပြည်ဝင်ခွင့် စိစစ်သည့် အနေဖြင့် နိုင်ငံတကာ လေဆိပ်များတွင် လာမည့်လ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ထုတ်မပေးတော့ကြောင်း နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။

ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လွန်ခဲ့သည့် ၄ လခန့်ကတည်းက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သော်လည်း လာမည့်လမှ ရွေးကောက်ပွဲအပြီးအထိ ပိတ်ထားမည့်အကြောင်း  ပြောဆိုခြင်း ဖြစ်သည်။

’’အနည်းဆုံး ၃ လ ကြာမယ်။ ဒီအတွက် ခရီးသွားလုပ်ငန်း နှောင့်နှေးမှာ သေချာတယ်။ ဒါပေမဲ့ ဒါက နိုင်ငံတော်အဆင့်က ညွှန်ကြားချက်ဖြစ်တာမို့ ဟိုတယ်ခရီးဝန်ကြီးဌာနအနေနဲ့ ဘာမှမတတ်နိုင်ဘူး။ လာမယ့်သူတွေ အတွက်လည်း ပိုပြီး အခက်တွေ့မယ်။ ဒီမှာရှိတဲ့ ဧည့်လမ်းညွှန်တွေ အခက်တွေ့မယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆက်စပ်လုပ်ငန်းတွေ ကမောက်ကမ ဖြစ်နိုင်တယ်’’ ဟု ဝန်ကြီးဌာန အရာရှိကြီးက ပြောသည်။

ရပ်ဆိုင်းထားစဉ်အတွင်း ယခင်ကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ခွင့်ပြုချက် ရယူပြီးမှသာ ကမ္ဘာလှည့် ခရီးသွားများကို သာမန်ဗီဇာများ ထုတ်ပေးမည်ဟုလည်း ၎င်းက ပြောသည်။

၁ဝ နှစ်ကျော်သက်တမ်းရှိ  ဧည့်လမ်းညွှန်တဦးက ’’ရွေးကောက်ပွဲ ကာလဟာ ပွင့်လင်းရာသီ ဖြစ်တယ်။ အဲဒီအချိန်မှာ ခရီးသည်တွေ လာတယ်။ အခု ဆိုက်ရောက်ဗီဇာ ပိတ်လိုက်တာဟာ ကျနော်တို့အတွက် ထိခိုက်တယ်။ ကျနော့်အထင် ပြောရရင် ရွေးကောက်ပွဲကို ပြည်ပက လာလေ့လာမယ့်သူတွေ ရှိမှာဖြစ်တဲ့အတွက် အခုလို လုပ်လိုက်တာ။  ပြီးတော့ မြန်မာ့နိုင်ငံရေးကို ကမ္ဘာကလည်း စိတ်ဝင်စားနေတဲ့အတွက်လို့ ထင်တယ်။ သူတို့ မတရားလုပ်မယ့် အရာတွေကို မသိစေချင်လို့လည်း ဖြစ်နိုင်တယ်’’ ဟု ပြောသည်။

ဆိုက်ရောက်ဗီဇာ ပိတ်ပင်မှုနှင့်ပတ်သက်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနရှိ ဝန်ထမ်းတဦးကို မေးမြန်းကြည့်ရာ ၎င်းအနေဖြင့် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သော ကာလအတွင်း ဝင်ရောက်ခဲ့သော ခရီးသည် အရေအတွက်နှင့် ပြည်ပဝင်ငွေ ရရှိမှုတို့ကိုသာ လေ့လာရန် အာဏာပိုင်များက ပြောဆိုကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ မသိကြောင်း ပြောဆိုသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြသော ဧည့်သည်များထဲတွင် ဥရောပခရီးသွား အများဆုံး ဖြစ်ခဲ့ကြောင်းနှင့် ယင်းကာလအတွင်း ခရီးသွားများ တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း UMTA တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ၂ဝဝ၆ ခုနှစ်ထဲတွင် ပြည်ပခရီးသွား ၂၆၃,၅၁၄ ဦး၊ ၂ဝဝ၇ ခုနှစ်တွင် ၂၄၈,ဝ၇၆ ဦး၊ ၂ဝဝ၈ ခုနှစ်တွင် ၁၇၇,ဝဝဝ ဦး၊ ၂ဝဝ၉ ခုနှစ်တွင် အာရှနှင့် ဥရောပ အပါအဝင် ခရီးသွား ၁၄,၆၇၁ ဦးနှင့် ဥရောပခရီးသွား ၃၃,၃၅၈ ဦး အပါအဝင် အခြားခရီးသွား အရေအတွက် စုစုပေါင်း ၂ သိန်း နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလမှ လာမည့်နှစ် မေလအထိ ခရီးသွားရာသီတွင် ခရီးသွားဦးရေ တသန်းခန့်အထိ စစ်အစိုးရက မျှော်မှန်းထားကာ ဟိုတယ်လုပ်ငန်းရှင်များကိုလည်း ခရီးသွားလုပ်ငန်း အထောက်အကူပြု ကားအစီးရေ ၂ဝဝ ခန့် တင်သွင်းခွင့် ပြုခဲ့သည်။

စစ်အစိုးရက ရွေးကောက်ပွဲ နီးလာချိန်တွင် လူမှု အကူအညီများပေးမည့် လုပ်သားများအတွက် နာဂစ်နှင့်ဆိုင်သော ပြည်ဝင်ခွင့် ဗီဇာများကို လည်း မကြာခင်က ပိတ်ပင်လိုက်ကြောင်း အကူအညီပေးနေသည့် သတင်းအေဂျင်စီတရပ်က ဆိုသည်။

အဆိုပါ နာဂစ်ဗီဇာများကို တိုးမပေးတော့သလို လူမှုကူညီရေးသမားများ မုန်တိုင်းသင့် ဒေသများသို့ အလွယ်တကူ သွားရောက်ခြင်း မပြုနိုင်ရန် ဗီဇာသက်တမ်း တိုးမပေးတော့ကြောင်းလည်း သိရသည်။

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေးနှင့် တိုးတက်ဖွံဖြိုးရေး အစီအစဉ်မှာ ပင်မရေစီးဖြစ်ရမည်ဟု လူမှုကူညီရေး ကုလသမဂ္ဂ စီမံချက်တရပ်ဖြစ်သည့် Integrated Regional Information Network (IRIN) အဖွဲ့နှင့် စစ်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အေဂျင်စီများကို ယခုလ ၁၆ ရက်က ပြောဆိုခဲ့သေးသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1548 guests and 1 member online