ယမန်နေ့ည ၇ နာရီခွဲခန့်တွင် မြ၀တီမြို့ အထက်တန်းကျောင်း နောက်ဘက်ရှိ ဂတ်စ်အိုးဆိုင်တဆိုင်တွင် မီးလောင်ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ရွှေမင်းဝန်ဘုရားနှင့် ရဲစခန်းကြား အမှတ် ၄ ရပ်ကွက်အတွင်းရှိ ဂက်စ်အိုးများ ဖြန့်ဖြူးရောင်းချနေသော ဆိုင်တဆိုင်တွင် ဂက်စ်အိုးများ ကားပေါ်တင်နေခိုက် မီးလောင်ပေါက်ကွဲခြင်း ဖြစ်သည်ဟု မြဝတီ မြို့ခံတဦးက ဆိုသည်။
“လက်နက်ကြီးတွေ ပစ်နေသလိုပဲ အုန်းအုန်းနဲ့၊ ကျနော် ကြားမိသလောက်တင်ကို အချက်ပေါင်း ၂၀ ကျော် အနည်းဆုံးရှိတယ်” ဟု သူက ပြောသည်။
ထိုမီးလောင်မှုသည် ည ၈ နာရီခွဲခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ကူးစက်မှုနှင့် ထိခိုက်ဒဏ်ရာ ရသူ ရှိ၊ မရှိကိုမူ မသိရသေးပါ။ ယခု မီးလောင်ခဲ့သော ဂက်စ်အိုးဆိုင်သည် လွန်ခဲ့သည့် နှစ်အတွင်းကလည်း မီးလောင်မှု ဖြစ်ခဲ့ဖူးသည်ဟု မြဝတီ မြို့ခံတဦးက ဆိုသည်။
ဂက်စ်အိုး မီးလောင်မှု ကျောင်းပိတ် (နောက်ဆက်တွဲ သတင်း)
ဂက်စ်အိုး ပေါက်ကွဲမှုမှတဆင့် ယမန်နေ့တွင် မီးဒဏ်သင့်ခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ အထက်တန်းကျောင်း အပျက်အစီးအချို့ ပြင်ဆင်ရန် ရှိသဖြင့် ယနေ့မှ စတင်၍ ယာယီ ကျောင်းပိတ်ထားမည်ဟု သိရသည်။
ကိုဝင်းနိုင်၏ ဂက်စ်အိုးဆိုင် ပေါက်ကွဲမီးလောင်သဖြင့် ဘတ်စ်ကားတစီးနှင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ကာ ရွှေမင်းဝန်ဘုရား အနောက်ဘက် အထက်တန်းကျောင်း နောက်ကျောဘက် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
“ကျောင်းက ဒီမနက် ပိတ်ထားတယ်။ ကျောင်းမှန်တွေ ကွဲကုန်ပြီး၊ တံခါးတွေလည်း မီးကျွမ်းကုန်တယ်” ဟု မြဝတီမြို့ရှိ ကျောင်းသားမိဘ တဦးက မဇ္ဈိမကို ပြောဆိုသည်။
ကျောင်းနောက်ကျောရှိ ဂက်စ်အိုးများ ဖြန့်ဖြူးရောင်းချသော ဆိုင်တွင် ဘတ်စ်ကားပေါ်သို့ ဂက်စ်အိုးများ အတင်အချ ပြုလုပ်နေစဉ် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားသဖြင့် လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြဝတီမြို့ခံ တဦးက ဆိုသည်။ မီးလောင်ရာသို့ မီးသတ်ကား ၃ စီး လာရောက်ငြှိမ်းသတ်ခဲ့ပြီး၊ ဂက်စ်အိုးပေါင်း ၈ဝ ခန့် ပေါက်ကွဲခဲ့သည်။
ဂက်စ်အိုးများမှာ ထိုင်းနိုင်ငံမှ တင်သွင်းပြီး ရန်ကုန်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။
ယနေ့တွင် ရဲ၊ တပ်နှင့် မီးသတ်များ ပူးပေါင်းပြီး ကားများပေါ်တွင် ဂက်စ်အိုးများ ပါ၊ မပါ ရှောင်တခင် စစ်ဆေးမှုများကို မြဝတီ အာရှလမ်းနှင့် ကားဝင်းဟောင်း နေရာတို့တွင် ပြုလုပ်နေသည်။
ယခု မီးလောင်ခဲ့သော ဆိုင်သည် လွန်ခဲ့သည့်နှစ်ကလည်း မီးလောင်ခဲ့ဖူးသေးကြောင်း သိရသည်။






