သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဥပုသ်ကာလ ဝန်ဆောင်မှုကို မြန်မာ မွတ်ဆလင်အဖွဲ့ချုပ် ကြိုဆို

ဥပုသ်ကာလ ဝန်ဆောင်မှုကို မြန်မာ မွတ်ဆလင်အဖွဲ့ချုပ် ကြိုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ အစ္စလာမ် ဘာသာဝင်များ၏ အစာရှောင် ဥပုသ်ကာလအတွင်း ခရီးသွား ဘာသာဝင်များအတွက် ဘုရားရှိခိုးနိုင်ရန်နှင့် အစာစားသောက်နိုင်ရန် ပြည်တွင်း အဝေးပြေး ကားလိုင်းတခုက  ဝန်ဆောင်မှု ပေးသည်ကို ကြိုဆိုကြောင်း ရန်ကုန်မြို့ရှိ မြန်မာ မွတ်ဆလင်အဖွဲ့ ဌာနချုပ်က ပြောသည်။

ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ရွှေမန္တလာ ယာဉ်လိုင်းက ယခုလ ၁၂ ရက်နေ့မှ စတင်ကာ အစ္စလာမ် ဘာသာဝင် ခရီးသည်များအတွက် မြန်မာပြည်တွင် ပထမဦးဆုံး အနေဖြင့် ဝန်ဆောင်မှုလိုက်သည့်အပေါ် ကြိုဆိုခြင်း ဖြစ်သည်။

“အခုလို ဝန်ဆောင်မှု ပေးလာတာကို အဖွဲ့အနေနဲ့ ကြိုဆိုပါတယ်။ ဒါဟာ အင်မတန် မင်္ဂလာရှိတဲ့ သတင်းပါ။ လိုလည်း လိုအပ်တယ်လေ” ဟု မြန်မာ မွတ်ဆလင်အဖွဲ့ ဌာနချုပ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

မန္တလေးအခြေစိုက် ရွှေမန္တလာ ယာဉ်လိုင်းသည် ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ၎င်းတို့၏ အဝေးပြေး ယာဉ်များကို လမ်းခရီး၌ အစ္စလာမ် ဘာသာဝင် စားသောက်ဆိုင်များတွင် ရပ်တန့်ပေးခြင်းနှင့် ဘုရားဝတ်ပြုနိုင်ရန် စောင့်ဆိုင်းခြင်းကို ယခုလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

“အခုလို လုပ်ပေးတာ အဝေးပြေး ကားလောကမှာ ပထမဆုံးပါပဲ။ သူတို့ဘာသာကို လေးစားတဲ့ အနေအထားပါ။ သူတို့လည်း ဥပုသ်လမှာ ခရီးသွားတဲ့အခါ အဆင်ပြေအောင်လို့ လုပ်ပေးတာပါ” ဟု ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ ရွှေမန္တလာယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ ဦးအောင်မြင့်ဆွေက ပြောသည်။

ရာမာဒန်ဥပုသ်လအတွင်း နံနက်မိုးသောက်မှ ညနေအထိ အစာစားခြင်း၊ အရည်သောက်ခြင်းနှင့် သံဝါသပြုခြင်းများကို ဘာသာဝင်များသည် ရှောင်ကြဉ်ရသည်။

သို့သော် ဖျားနာနေသူများ၊ လူမမယ် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် ဓမ္မတာလာနေသူ အမျိုးသမီးများသည် ဥပုသ်စောင့်ခြင်းမှ ကင်းလွတ်ခွင့် ရရှိကြသည်။ ယခုနှစ်အတွက် ရာမာဒန် ဥပုသ်ကာလမှာ သြဂုတ်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဖြစ်သည်။

ဘာသာတူ ၇၈၆ စားသောက်ဆိုင်များတွင်သာ စားသောက်နိုင်သဖြင့် ရွှေမန္တလာယာဉ်လိုင်းနည်းတူ အခြားသော ခရီးသွားလာရေး လုပ်ငန်းများက ဝန်ဆောင်မှု ပေးလာခဲ့ပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း မြန်မာမွတ်ဆလင်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ရုံးဝန်ထမ်း အစ္စလာမ် ဘာသာဝင်များအနေဖြင့် တပတ်တကြိမ် ဗလီကျောင်းတက်၍ ဝတ်ပြုရသည့် နေ့ဖြစ်သော သောကြာနေ့တွင် ခွင့်မရသည့်အတွက် ဝတ်မပြုနိုင်ဖြစ်နေသဖြင့် တပတ်လျှင် သောကြာနေ့ နေ့လည် ၁၂ နာရီမှ ၂ နာရီအကြား ဘုရားဝတ်ပြုရန် ခွင့်ပေးသင့်သည်ဟုလည်း သူက ပြောဆိုသည်။

“ရုံးတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက် ဘုရားဝတ်ပြုချိန်လေး ပေးစေချင်တယ်။ သောကြာနေ့ဆိုရင် တပတ်တခါ ဝတ်မပြု မနေရဆိုတော့ အရေးကြီးတယ်။ ၁၂ နာရီကနေ ၂ နာရီအထိပေါ့နော်။ အဲဒီအချိန်လေးကို ခွင့်ပေးလို့ရရင် ပေးစေချင်တယ်” ဟု သူက ပြောသည်။

၁၉၆ဝ ခုနှစ် မေလက စတင်တည်ထောင်ခဲ့သည့် မြန်မာမွတ်စလင်အဖွဲ့ ဌာနချုပ်ရုံးသည် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းတွင် တည်ရှိပြီး အဖွဲ့ဝင်ပေါင်း ၃ သောင်း ၅ ထောင်ကျော် ရှိသည်။