သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်စု မပါသည့် ရွေးကောက်ပွဲ အဖြေမထွက်ဟု ကိုဌေးကြွယ် ပြောဆို

ဒေါ်စု မပါသည့် ရွေးကောက်ပွဲ အဖြေမထွက်ဟု ကိုဌေးကြွယ် ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည် မပါသော ရွေးကောက်ပွဲသည်  အဖြေမထွက်သော ရွေးကောက်ပွဲဟူ၍ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

လက်ရှိ အကျဉ်းကျနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ ယခုလ ၉ရက် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ယောက်ဖ ကိုဖြိုးမင်းသိန်းနှင့် ညီမ မမီးမီးကြွယ်တို့ကို ကိုဌေးကြွယ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
htaygy
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသင့်ပါထိုက်တဲ့သူတွေ ပါသင့်တယ်။ ဒီလူတွေ မပါဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံး ပါဝင်တဲ့ ပွဲတခု မဟုတ်တဲ့အတွက် နောက်ဆက်တွဲမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်။ နိုင်ငံတကာမှာ နောက်ဆက်တွဲ ပြဿနာတွေ၊ အထွေထွေ အရှုပ်အရှင်း အခြေအနေတွေ ထပ်ဖြစ်လာတာကလွဲရင် မြန်မာ့နိုင်ငံရေးဟာ အဖြေတခု မထွက်ပေါ်နိုင်ဘူးလို့ ကိုဌေးကြွယ်က ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောပြသည်။

၉ ရက်နေ့နှင့် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ခွင့်ရရှိရာ တခါတွေ့လျှင် မိနစ် ၃ဝ ခန့်ဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များကို အထူးရဲသတင်း တပ်ဖွဲ့ဝင်များနှင့် ထောင်အာဏာပိုင်များက လိုက်လံမှတ်သားခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်စာတမ်းအချို့အပြင် ဘာသာရေး စာအုပ်များ၊ စာပေစိစစ်ရေး ခွင့်ပြုထားသည့် ဘာသာပြန်စာအုပ်များ၊ မဂ္ဂဇင်းများအပြင် စီးပွားရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကိုဌေးကြွယ် ဖတ်ရှုခွင့်ရသည်။

“ကြည့်ရတာက စိတ်က လန်းဆန်းနေတယ်။ နည်းနည်း ပိန်သွားတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခွင့်ရတယ်လို့ ပြောတယ်။ သူ စာဖတ်တယ်၊ ဘာသာရေး လုပ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်တယ်။ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေ အကုန်လုံး သူ သိနေတယ်” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် ကိုဌေးကြွယ်အပြင် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးရာပြည့်၊ လှိုင်သာယာမြို့နယ်မှ NLD လူငယ်အဖွဲ့ဝင် သန့်စင်မျိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်း သိရသည်။

ရန်ကုန်တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊  ကိုဇော်ဇော်မင်း၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီနှင့် မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦးကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဖမ်းဆီးခံရမှုတွင် ကိုဌေးကြွယ်လည်း ပါဝင်သည်။  ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ အင်းစိန်ထောင်တွင်း အထူးခုံရုံးက ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ကိုဌေးကြွယ်၏ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ပြည်တွင်း၌ မြေအောက်လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့နှင့်အတူ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းပြည်၏ နိုင်ငံရေး ဖြစ်စဉ်ထဲမှ ဖယ်ထုတ်ရန် ကြိုးစားမှုတခုအဖြစ် ရှုမြင်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1561 guests and 1 member online