စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အဖွဲ့ချုပ်ခေါင်းဆောင်များ ကော့သောင်းတွင် မဲပညာပေး

အဖွဲ့ချုပ်ခေါင်းဆောင်များ ကော့သောင်းတွင် မဲပညာပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက မဲပေးခြင်းဆိုင်ရာ အသိပညာများ ဖြန့်ဝေနေကြသည်။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း နှင့် ဒေါ်မေဝင်းမြင့်၊ ဦးဟန်သာမြင့်၊ တနင်္သာရီတိုင်း ဥက္ကဌ ဦးလှမင်း၊ အတွင်းရေးမှူး ဦးအောင်စိုးတို့  ၅ ဦးအဖွဲ့သည် ယနေ့ ကော့သောင်းမြို့နယ်ရှိ ချောင်းစလမ်း၊ သာညုံပါဒနှင့် ပလုံသုံသုံကျေးရွာများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“မဲမထည့်ဖို့ လှုပ်ရှားမှု မလုပ်ဘူး။ ဒါပေမဲ့ ဥပဒေမှာပါတဲ့ အခွင့်အရေးကိုတော့ ပြောပြတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးတာ အခွင့်ရေးဖြစ်သလို မဲဆန္ဒမပေးဘဲ နေတာကိုကလည်း အခွင့်အရေးဘဲ။ မိမိကြိုက်တာကို လုပ်နိုင်တယ်။ ဘယ်သူမှ မဲဆန္ဒ ပေးဖို့ မပေးဖို့ကို ခြိမ်းခြောက်ပြောဆိုခွင့် မရှိဘူး။ ဒါတွေကို ဥပဒေမှာပါတဲ့အတိုင်း ရှင်းပြတယ်”ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အဓိကအားဖြင့် NLD ပါတီ၏  စည်းရုံးရေးဆင်းခြင်း မဟုတ်သလို ပါတီအင်အားတိုးချဲ့ခြင်းလည်း မဟုတ်ကြောင်းနှင့် ပါတီရပ်တည်ချက်အတိုင်း အဖွဲ့ချုပ် ဗဟိုနှင့် အောက်ခြေ အဖွဲ့ဝင်များ ယခင်ရှိပြီးသား အင်အားကို ပိုမိုကျစ်လစ်ခိုင်မာစေပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက်သွားကြရန် ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ယခုလ ၁၃ ရက်နေ့ကလည်း ပြည်မြို့ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်း အိမ်၌ ၆ မြို့နယ်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပါတီဝင်များ NLD ပါတီ ဆက်လက်မှတ်ပုံမတင်ခြင်းကို သဘောတူသဖြင့် ဝမ်းသာအားရသည်ဟု ဆိုသည်။

CEC အဖွဲ့ဝင်များ၏ ခရီးစဉ်အပေါ် ဗဟိုနှင့် အောက်ခြေ အဖွဲ့ဝင်များ ထိတွေ့ အားပေးခြင်းဖြစ်ကြောင်း ပလုံသုံသုံကျေးရွာမှ ကော့သောင်းမြို့နယ် လူငယ်တာဝန်ခံ ၃ ကိုမောင်ငယ်က ပြောသည်။

“အန်ကယ်တို့လာတာကတော့ ကျနော်တို့ အဖွဲ့တိုးချဲ့ဖို့ မဟုတ်သလို ဖွဲ့စည်းဖို့လည်း မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့ ဗဟိုနဲ့ အဆက်အသွယ်ရှိအောင် အားပေးတဲ့သဘောနဲ့ ရှင်းပြသွားတယ်။ အန်ကယ်ပြောတာက ဆန္ဒရှိရင် ထည့်လို့ရတယ်။ ဆန္ဒမရှိရင် မထည့်ဘဲလဲရတယ်။ ဘယ်သူမှ တရားစွဲလို့ မရဘူးဆိုတဲ့အကြောင်း ရှင်းပြသွားတယ်။ ထည့်ပါ၊ မထည့်နဲ့ဆိုတာ မပြောသွားဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ကော့သောင်းမြို့နယ် အဖွဲ့ချုပ်ရုံး၌ အဖွဲ့ဝင် အနည်းဆုံး ၄ဝ မှ ၅ဝ ဦးထိ တက်ရောက် တွေ့ဆုံဆွေးနွေးခဲ့ရာ တခြားမြို့နယ်များထက် ကော့သောင်းမြို့နယ်မှ အဖွဲ့ဝင်များ စည်းလုံးညီညွတ်မှုရှိသဖြင့် အားရ ကျေနပ်သည်ဟု ဆိုသည်။

ဦးဉာဏ်ဝင်းနှင့် အဖွဲ့များသည်  ပဲခူး၊ ပြည်၊ လက်ပံတန်းနှင့် ကော့သောင်း ၄ မြို့နယ်တွင် ရောက်ရှိခဲ့ပြီး အနည်းဆုံး ၁၆  မြို့နယ်က ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် သူ၏ ရှေ့နေ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခွင့်ရရှိစဉ် အောက်ခြေထုထံ သွားရောက်တွေ့ဆုံရန် မှာကြားခဲ့သည်ကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ထိ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းစသည့် တိုင်းနှင့် ပြည်နယ် မြို့ နယ်ပေါင်း၂ဝဝ ခန့်အတွင်း CEC အဖွဲ့ဝင် ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဟန်သာမြင့်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

၂ဝဝ၃ ခုနှစ်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ နိုင်ငံတဝန်း စည်းရုံးရေးခရီး ထွက်စဉ် ဒီပဲယင်းအရပ်၌ လုပ်ကြံခဲ့သဖြင့် အသေအပျောက်ရှိခဲ့သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1347 guests online