သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒီကေဘီအေ အကောက်ဂိတ်များဆုံးရှုံး

ဒီကေဘီအေ အကောက်ဂိတ်များဆုံးရှုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ နယ်ခြားစောင့်တပ်ပြောင်းရမည်ဖြစ်သကဲ့သို့ အဓိက ၀င်ငွေရပေါက် ရလမ်းတခုဖြစ်သော မြန်မာ-ထိုင်းနယ်စပ် အကောက်ဂိတ်များကိုလည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က စစ်တပ်လက်သို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

ယခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် လူအ၀င်အထွက်နှင့် တရားမဝင်သွင်းသည့် ကုန်ပစ္စည်းများကို အကောက် ခွန်ကောက်ခွင့်ရှိနေသော DKBA ဂိတ်များကို စစ်အစိုးရတပ်များက နေရာယူတိုးချဲ့မှုပြုလုပ်ပြီဟု မြဝတီမြို့ အခြေစိုက် ၉၉၉ လက်အောက်ခံ ဒီကေဘီအေ အရာရှိတဦးကပြောသည်။ ယခုလ ၅ ရက်နေ့က ဒီကေဘီအေ အကောက်အခွန်ရုံးများတွင် လွှင့်ထူထားသည့် ဒီကေဘီအေတပ်ဖွဲ့အလံများကို စစ်တပ်က အဖြုတ်ခိုင်းလိုက်ပြီဖြစ်သည်။

DKBA-soldier “သောင်းရင်းမြစ်ကြောတလျောက်က ကျနော်တို့ ဂိတ်တွေကတော့ ပိတ်ထားတယ်။ ရှင်းလည်း ရှင်းခိုင်းထားတယ်။ မြဝတီကနေ ဘားအံတကြော ဂိတ်တွေကိုတော့ သူတို့ အရင် စစ်သား ၅ ယောက်လောက်ထည့်ထားတဲ့ ဂိတ်တွေကို အခု ၁၀ ယောက်လောက် ဖြည့်လိုက်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာနှင့် ထိုင်းနယ်နမိတ်ပိုင်းခြားထားသော သောင်းရင်းမြစ်တလျောက် ဒီကေဘီအေ၏ အခွန်ဂိတ် ၂၀ ခန့်ရှိသည်။ ဂိတ်အချို့မှာ မော်တော်ယာဉ် တင်သွင်းခြင်း၊ အ၀တ်အထည်၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့ တင်သွင်းမှု ပြုနေပြီး အများစုကတော့ လူဖြတ်ကူးသန်းရာ ဖြစ်သည်။

ထိုကုန်ပစ္စည်းများကို မြဝတီမှ တဆင့် ရန်ကုန်၊ မော်လမြိုင်နှင့် အခြားမြို့များသို့လည်း ဒီကေဘီအေမှ တာဝန်ယူ ပို့ဆောင်ပေးလျက်ရှိပြီး ထိုလုပ်ငန်းကြောင့် ဒီကေဘီအေ တပ်သားများ၏ ဝင်ငွေ လည်ပတ်ခဲ့ကြသည်။

ယခုအခါ ထိုကုန်ပစ္စည်းများ သယ်ဆောင်ရာ လမ်းကြောင်းဖြစ်သည့် မြဝတီ-ဘားအံ လမ်းကြောင်းရှိ ဂိတ်များကိုလည်း စစ်တပ်က နေရာဝင်ယူလိုက်ပြီဖြစ်သည်။

ယခုလ ၂၀ ရက်နေ့ မြိုင်ကြီးငူတွင်ပြုလုပ်မည့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးလုပ်ဆောင်အပြီးတွင် ဂိတ်များကို သိမ်းဆည်း၍ စစ်တပ်က ချုပ်ကိုင်တော့မည်ဖြစ်သဖြင့် အဆိုပါ လက်အောက်ငယ်တပ်အချို့မှ စားဝတ်နေရေး အခက် အခဲဖြစ်ကာ ပစ်ခတ်မှုများ ပေါ်ထွက်လာမည်ဟု ခန့်မှန်းသူများလည်း ရှိနေသည်။

“အခု နယ်ခြားစောင့် လုပ်ဖို့ လက်မှတ်ထိုးလိုက်တဲ့ ၉၉၉ အပါအဝင် အခြားတပ်တွေက တပ်သားတွေက တောထဲဝင် တာတွေ ကျနော်တို့နဲ့လာပေါင်းတာတွေ၊ ကေအန်ယူနဲ့ ဆက်သွယ်တာတွေရှိနေကြတယ်။ တချို့က ပျောက်ကြား ဖွဲ့ပြီး ဖောက်ခွဲမှုတွေ အလစ်ဝင်ပစ်မှုတွေဖြစ်လာဖို့ရှိတယ်” ဟု ဒီကေဘီအေ တပ်မဟာ ၅ စစ်ဘက်အရာရှိက မဇ္ဈိမကိုပြောသည်။

ယခုလ ၆ ရက်နေ့ည ၈ နာရီခွဲ့ခန့်က မြဝတီမြို့ ညဈေးထိပ်တွင် ဗုံးတလုံးပေါက်ကွဲရာ လူနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ယောက် ဒဏ်ရာရသွားခဲ့သည်။ ဗုံးလက်သည်ကိုတော့ မဖော်နိုင်သေးပေ။

ဒီကေဘီအေအတွင်း တပ်မဟာ ၅ သည် စစ်တပ်က ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းမှုကို ငြင်းဆန်ထားသည်။

နောက်တပတ်သောကြာနေ့ နယ်ခြားစောင့်တပ်ပြောင်းအခမ်းအနားနောက်ပိုင်း ယခင်လကထဲက မြန်မာဘက်က ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်မည် ထင်ရကြောင်း ဒီကေဘီအေ တပ်မှူးများက တွက်ဆနေကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1553 guests and 1 member online