ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သတင်းမှားထုတ်လျှင် ပါတီဖျက်မည်ဟု ကော်မရှင်က RNDP ကို ပြော

သတင်းမှားထုတ်လျှင် ပါတီဖျက်မည်ဟု ကော်မရှင်က RNDP ကို ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ သတင်းမှားများ ဆက်လက်ထုတ်ပြန်ပါက ပါတီဖျက်သိမ်းသည်အထိ အရေးယူခံရမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် သတိပေးလိုက်ကြောင်း RNDP အဆိုအရ သိရသည်။

ရခိုင်သမိုင်းသုတေသီ အသျှင် ပညာစာရ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ RNDP က ယခုလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးက ခေါ်ယူသတိပေးကြောင်း သိရခြင်း ဖြစ်သည်။

“ကော်မရှင် ဥက္ကဋ္ဌက RNDP ဟာ သတင်းမှားတွေ ထုတ်လွှင့်နေတယ်လို့ ဒေသအာဏာပိုင်တွေက သတင်းပေးလို့ ရင်းရင်းနှီးနှီး ခေါ်တွေ့တာပါလို့ ပြောတယ်။ ကော်မရှင် အတွင်းရေးမှူး ဦးကျော်မြင့်ကတော့ ကြေညာချက် ထုတ်တာဟာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ၂/၂၀၁၀ ကို မလိုက်နာရာ ကျနေတယ်။ ဒီညွှန်ကြားချက်နဲ့ တခြားတည်ဆဲ ဥပဒေတွေကို လိုက်နာဖို့နဲ့ မလိုက်နာရင် ပါတီ ဖျက်သိမ်းခံရမယ်လို့ ပြောတယ်” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ကော်မရှင်က ၂/ ၂၀၁၀ ပါ စည်းကမ်းချက် ၁၄ ချက်အနက် မည်သည့်အချက်နှင့် ငြိစွန်းသည်ကို ပြည်နယ် ကော်မရှင်က အတိအကျ ထောက်ပြပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။ ပါတီဥက္ကဋ္ဌက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးနှင့်အတူ ကော်မရှင်ရုံးသို့ သွားရောက်ခဲ့သည်။ 

RNDP ကမူ ၎င်းတို့၏ ကြေညာချက်ကို ၂/၂၀၁၀ ပါ စည်းကမ်းချက်များနှင့် ငြိစွန်းခြင်း မရှိစေရန် ဥပဒေ အကြံပေးအဖွဲ့နှင့် တိုင်ပင်ကာ ရေးသားခဲ့ပြီး စာပေစိစစ်ရေး ခွင့်ပြုချက် အမှတ် နသ ၀၀၁၃ ဖြင့် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။

“ပါတီတရပ်ဟာ ပြည်သူတွေကြားမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဒီလိုသဘောထားတွေ ထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။ ဒါမှ ပြည်သူတွေကို ကိုယ်စားပြုမှာပါ” ဟု RNDP ဥက္ကဋ္ဌက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ၂/၂၀၁၀ ကြေညာချက်၏ တားမြစ်ချက်များအခန်း အချက် ၁၁ (စ) တွင် လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရန် ပါရှိသည်။

ထို့ပြင် အချက် ၁၁ (ဆ) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင်  စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးပညာစာရကို မာတုကာမနှင့် ဖောက်ပြားသဖြင့် သာသနာတော် ညှိုးနွမ်းစေသည်ဟုဆိုကာ အာဏာပိုင်များက ဖမ်းဆီးမှု၊ ကျောင်းတိုက်ရှိ သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ သိမ်းဆည်းမှုနှင့် မိဘမဲ့ကလေးများ ခေါ်ဆောင်မှုအပေါ် ယခုလ ၉ ရက်နေ့တွင် RNDP က သဘောထား ကြေညာခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို လွှမ်းမိုးတဲ့ အမိန့်တရပ် ရှိနေတယ်လို့ ထင်တယ်။ ကော်မရှင်ကလည်း သီးခြား လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖြစ်သင့်တယ်လို့ ထင်တယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

RNDP ကြေညာချက်ထဲတွင် ကျောင်းတိုက်ရှိ ဆရာတော် လေ့လာရှာဖွေထားသော ရှေးဟောင်းစာပေ ပုရပိုဒ်များ၊ ဒင်္ဂါးများနှင့် ရှေးဟောင်းပစ္စည်းများကို ရခိုင်ဒေသ၌ပင် ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိသည်။

ထို့ပြင် ကျောင်းတိုက်တွင် ခိုလှုံနေကြသည့် မိဘမဲ့ကလေးငယ် ၉၀ ခန့်ကို မြန်မာပြည်အထက်ပိုင်းသို့ ပို့ဆောင်ခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပေါ် စိုးရိမ်မိကြောင်း ပါရှိသည်။

ဆရာတော်သည် ၁၉၉၀ ခုနှစ်မှ စတင်ကာ ကျောင်းတိုက်တွင် မိဘမဲ့ကလေးများကို ကျွေးမွေး စောင့်ရှောက်ခဲ့သူဖြစ်ပြီး ယခုအခါ စစ်တွေမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည်။ 

ယခုလ ၁၀ ရက်နေ့က ဆရာတော်ကို စစ်တွေခရိုင် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မှု) ၊ ပုဒ်မ ၂၉၅ (က) သာသနာတော် အကြည်အညို ပျက်စေမှုတို့ အပါအ၀င် အနည်းဆုံး ပုဒ်မ ၃ ခုဖြင့် ရုံးတင်စစ်ဆေးခဲ့ပြီး ယခုလ ၁၆ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ အမှုအတွက် ရှေ့နေ ဒေါ်အေးနုစိန်က အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေသည်။

ဆရာတော် ဖမ်းဆီးခံရမှုအပေါ် သဘောထား ထုတ်ပြန်သည့် RNDP ပါတီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် မြောက်ဦးနှင့် ပေါက်တောမြို့နယ်တွင် ရုံးခွဲများ ဖွင့်လှစ်ပြီးနောက် မြို့နယ်ပါတီဝင်များ၏ ကိုယ်ရေး အချက်အလက်များနှင့် ဓာတ်ပုံများကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖ က တောင်းယူခဲ့သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦး၏ ဇနီးဖြစ်သူကိုလည်း မယက ဥက္ကဋ္ဌက အလုပ်မှ ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

RNDP ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မှတ်ပုံတင် အမှတ် ၂၈ ဖြင့် ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့သည်။


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1797 guests online