ချင်းမိုင် (မဇ္ဈိမ) ။ ။ မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထားသော ၁၅ ဦးပါ ကရင်တပ်ဖွဲ့တခုက အင်အားများစွာ သာလွန်သော တပ်မတော်တပ်ရင်း တခုကို အင်္ဂါနေ့က ခြုံခိုတိုက်ခိုက်ရာ ဒုတပ်ရင်းမှူး တဦး အပါအဝင် စစ်သား ၉ ဦး သေဆုံးသွားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က ပြောသည်။
ကရင်ပြည်နယ် အလယ်ပိုင်း ပိုင်ကျုံမြို့ တောင်ပိုင်းရှိ တောတောင် ထူထပ်သော ဒေသတွင် အင်အား ၁၁ဝ ကျော်ပါ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်- ၁၉ လက်အောက်ခံ ခြေလျှင်တပ်ရင်း ၆၂ တပ်ရင်းကို ကရင်တပ်ရင်း ၂၂ မှ ခြုံခိုတိုက်ခိုက်ရာ ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းမင်းကြူနှင့် အခြားအဆင့် စစ်သည် ၇ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ပိုင်းတွင် ဒဏ်ရာရသူ တပ်သား ၁ ဦးလည်း သေဆုံးသွားသည်ဟု သိရသည်။
“အဲဒီအချိန် မိုးကလည်းရွာ ချောင်းရေတွေကလည်း ကြီးနေတော့ ဖြတ်ကူးဖို့ မလွယ်ဘူးလေ။ အဲဒီမှာ လမ်းလည်း မရှိဘူး။ တောထဲမှာပဲ ဖြတ်လာနေတုန်း ကျနော်တို့က အသင့်အနေအထားကနေ ချောင်းပစ်တာပေါ့လေ။” ဟု ဘားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲတွင် ဒဏ်ရာရသူ ၁၄ ဦးရှိပြီး အနီးစပ်ဆုံး တပ်မတော် စစ်စခန်းရှိသည့် တာလေသို့ ပြန်လည် သယ်ဆောင်သွားခဲ့သည်ဟု သူက ထပ်ပြောသည်။
လက်နက်ကြီးများပါ ပါရှိသော တပ်မတော်ရှေ့တန်း တပ်ရင်းအနေဖြင့် အကျအဆုံးများခြင်းမှာ မိုင်းထိ၍ သေဆုံးခြင်းကြောင့်လည်း ဖြစ်မည်ဟု နယ်စပ်ရှိ စစ်ရေးအကဲခတ် တဦးက ပြောသည်။
ယခုနှစ်အတွင်း မြန်မာအစိုးရ စစ်တပ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်နှင့် တိုက်ခိုက်မှုတွင် ဒုတိယမြောက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။ မေလ ၁ဝ ရက်နေ့က သံဖြူဇရပ်မြို့ သေမင်းတမန် ကားလမ်းပေါ်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မတော်ဘက်မှ ၁၃ ဦးသေဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။
ပိုင်ကျုံတိုက်ပွဲက ဒေသခံလူထု ထောက်ခံမှုရသော ကရင်တပ်အနေဖြင့် တပ်မတော်စစ်ကြောင်း လာရောက်မည့် သတင်းကို ကြိုတင်သိရှိခဲ့သည်ဟု ပဒိုစောအောင်မော်အေးက ပြောသည်။
ဒေသအတွင်း နယ်မြေစိုးမိုးရေးအတွက် တပ်မတော်တပ်ရင်း ၉ ရင်း၊ စစ်အစိုးရနှင့် မဟာမိတ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံးတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး KNLA တပ်များ လှုပ်ရှား အားပြိုင်လျှက်ရှိသည်။
KNLA ၏ တပ်မဟာ ၆ ထိန်းချုပ်ရာ နယ်မြေအနီး ပုံမှန်မဟုတ်သော နအဖတပ်များ ပိုမို ရောက်ရှိနေခြင်းကလည်း ကရင်သူပုန်တပ်၏ ဝင်ငွေလမ်းကြောင်းကို ပျက်ပြားအောင် လုပ်ဆောင်ခြင်းဟု အကဲခတ်များက ယူဆကြသည်။
ပဲခူးအခြေစိုက် ခြေမြန်တပ်မ ဌာနချုပ် ၇၇ လက်အောက်ခံ တပ်ရင်း ၄ ရင်းကို ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်အနီး ယခင်လလယ်မှစ၍ တိုးချဲ့ချထားသည်ဟု ထိုင်းနယ်စပ် အခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ပြောသည်။







